မန္တလေးမှာ တရက်တည်း အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက် တရက်တည်းမှာပဲ အမျိုသား ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်း နံနက် ၈ နာရီခွဲလောက်မှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားမှာ အသက် ၅၀ အရွယ် အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ အမျိုးသားဟာ ကိုဝင်းအောင်ဆိုသူဖြစ်ပြီး ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်သူတဦး ဖြစ်တယ်လို့ ကျောက်သမားတဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူဟာ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း ကျောက်ဝိုင်းကို အသွားမှာ အခုလိုသေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး သူနဲ့အတူပါလာတဲ့ ကျောက်မျက်အထုပ်လည်း ပျောက်ဆုံးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

“သူ့နာမည်နဲ့ အတိအကျမေးပြီး ပစ်သွားတယ်လို့ ကြားတယ်ဗျ။ ဘာကြောင့်ဆိုတာတော့ မသိဘူး။ တခါတည်းပွဲချင်းပြီး သေသွားတယ်” လို့ အမည်မဖော်လိုတဲ့ ကျောက်သမားတဦးက ပြောပါတယ်။

အလားတူပဲ ဒီကနေ့ နေ့ခင်း ၁၂ နာရီကျော်လောက်မှာလည်း ပုသိမ်ကြီးမြို့နယ် ရေထွက်လမ်းမကြီးဘေးမှာ အမျိုးသားတဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဉ် ထပ်ဖြစ်ခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ ကိုအောင်ကျော်မြင့်ဆိုသူဖြစ်ပြီး အရင်ဆယ်အိမ်မှူးတဦးဖြစ်သလိုစစ်ကောင်စီ သတင်းပေးသူလည်း ဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုကြပေမယ့် ဒါနဲ့ပတ်သက်ပြီး DNA က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ဒီကနေ့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသလို ပစ်ခတ်သူတွေကို ဖမ်းဆီးရမိတာလည်း မရှိသေးပါဘူး။