မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာ ဟောင်းအနီးမှာ ဒီကနေ့ ဇန်နဝါရီ (၂) ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။
“ပထမတစ်ချက်သေနတ်ပစ်သံအရင်ကြားတယ်၊ အဲဒါပြီးတော့ ခဏပြန်တိတ်သွားတယ်၊ ခဏအကြာမှာအပြန်အလှန်ပစ်ခတ်သံကြားရတာ၊ ဘယ်သူနဲ့ ဘယ်သူပစ်တာလဲတော့ မသိရဘူး၊ ၁၀ မိနစ်ကျော်လောက် သေနတ်ပစ်သံ ကြားရတယ်၊ အဲချိန်က ကျွန်တော် ခြံထဲမှာ ရှိနေတာပါ။ ဒီဘက်မှာက ခဏ ခဏ ပစ်ခတ်မှု ဖြစ်နေတာပဲ၊ အဲဒီလို ပစ်ခတ်မှုဖြစ်ပြီးရင်တော့ ဘယ်သူမှ အဲဒီဝန်းကျင်မသွားတာက အကောင်းဆုံးပဲ၊ အခန့်မသင့်ရင် ဖမ်းခံရနိုင်တယ်၊ ကျွန်တော်တို့လည်း ကြောက်တယ်ဗျ” လို့ ဒေသခံ ခြံလုပ်သားတဦးကပြောပါတယ်။
ရေးမြို့နယ် အခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ရေးဘီလူးအဖွဲ့ကတော့ ဒီကနေ့မနက်ပိုင်းက ကျုံလောင်းရွာဟောင်းအနီးက စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့သလို အဲ့ဒီဖောက်ခွဲမှုကြောင့် ရွာအနီးဝင်လာတဲ့ အင်အားလေးဆယ်ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ခြုံခိုတိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ခြုံခိုတိုက်ခိုက်မှုကြောင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်က အများအပြားကျဆုံးမှုရှိတယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပေမယ့် ထိခိုက်သေဆုံးမှုအရေအတွက်ကို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဒါအပြင် စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင်ဖောက်ခွဲခံရမှုကြောင့် စက်ပိုင်းဆိုင်ရာဆက်စပ်ပစ္စည်းတွေ ပျက်စီးခဲ့ပြီး ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၇ ရက်ကလည်း ရေးမြို့နယ် ကျောင်းရွာဘက်ကို ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ စစ်ကားတစီးကို ရေးဘီလူးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က နှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။