စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အလယ်လျှိုကျေးရွာကို အင်အာရာဂဏန်းဝန်းကျင်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ အိမ်ခြေတထောင်ဝန်းကျင်ရှိတဲ့အဲ့ဒီရွာကဘုန်းကြီးကျောင်းနဲ့စာ ကြည့်တိုက်တွေအပါအဝင် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကတည်းက အလယ်လျှိုရွာထဲ စီးနင်းဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဟာ မနေ့က ဇန်နဝါရီ(၁)ရက် ညနေပိုင်းမှာ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲ့ဒီ့ရွာကရွာကြီးအိမ်ကလည်းမနည်းဘူး၊အရင်ကမရှို့ဘူး၊ခုမှရှို့တာ၊ခုအကုန်ကုန်ပြီ၊သူတို့တော့အဲ့ထဲက ကျောင်းမှာရှိနေသေးတယ် “လို့ အလယ်လျှိုကျေးရွာအနီးကဒေသခံတဦးက DNA ကိုပြောပါတယ်။
အဲ့ဒီ့လိုမီးတင်ရှို့နေလို့အလယ်လျှိုကျေးရွာဒေသခံတွေဟာဘေးလွတ်ရာကို လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်က ဇီးကုန်းသကြားစက်ရုံဝန်းကျင်မှာ ဒီဇင်ဘာ(၂၉)ရက်က ကြားဖြတ် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့စစ်ကြောင်းဟာ ဒေသတွင်းကို စစ်ကြောင်း ထိုးခဲ့ပြီး အလယ်လျှိုရွာထဲ စီးနင်းဝင်ရောက်တပ်စွဲခဲ့တာပါ။
အဲ့ဒီလို တပ်စွဲခဲပြီးနောက်ပိုင်းမှာလည်း ဒေသတွင်းကာကွယ်ရေးတပ်တွေက ရွာထဲမှာစခန်းချနေတဲ့ စစ်ကောင်စီ တပ်တွေကို ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။
မနေ့ညနေပိုင်းကလည်း ဒေသကာကွယ်ရေးတပ်တွေက အင်အားအလုံးအရင်းနဲ့ အဲ့ဒီရွာထဲက စစ်တပ်နဲ့ ပျူစောထီးတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ရွာရဲ့ အရှေ့ထိပ်နဲ့ အနောက်ထိပ် နေအိမ်တွေကို မီးရှို့ကာ မီးလောင်ပြင်(သတ်ကွင်း)ဖန်တီးလိုက်တာဖြစ်တယ်လို့ ခင်ဦးတော်လှန် ရေးအင်အားစုတွေက ပြောပါတယ်။
“ရွာကတော့ပြာကျသွားပြီ၊ကျွန်တော်တို့အထဲအထိဝင်ကြည့်တယ်၊ဒီကောင်တွေကျောင်းဘက်မှာလဲမတွေ့ဘူး အထဲမှာရှိမရှိမသေချာသေးဘူးပေါ့၊နယ်မြေခံအဖွဲ့တွေကလဲနောက်ပြန်ဆုတ်ထားတယ်၊အခြေအနေကဘာမှန်းသေချာမသိသေးဘူးဖြစ်နေတယ်၊ပြေးတာကတော့ရွာလုံးကျွတ်မဟုတ်ဘူး၊တွေ့ရသလောက် လူငါးရာ နီးပါးလောက်တော့ ပြန်ဝင်သွားတာတွေ့တယ်၊စစ်တပ်ကပဲဘာတွေပြောပြီးခေါ်လဲတော့မသိဘူး “လို့ခင်ဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Dynamite Emperror အဖွဲတာဝန်ရှိသူတဦးကပြောပါတယ်။
အလယ်လျှိုကျေးရွာကို စစ်ကောင်စီတပ်တွေက စီးနင်းထားချိန်အတွင်း တော်လှန်ရေးမှာ အားပေးကူညီတယ် ဆို တဲ့ စွပ်စွဲချက်နဲ့ ရွာခံ ပြည်သူဆယ်ဦးထက်မနည်းကို ပစ်သတ်ခဲ့ပြီး ရွာထဲမှာ ရုပ်အလောင်းတွေတွေ့ရ တယ် လို့ ဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ အလယ်လျှိုရွာထဲ အနည်းငယ်သာကျန်ရစ်နေတဲ့ အဆောက်အအုံတချို့မှာ ဆက်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ တိုက်ပွဲမှာ သေဆုံးခဲ့သူတွေရဲ့အလောင်းတွေနဲ့ ကျန်ရှိနေသေးတဲ့ နေအိမ်အဆောက်အအုံတွေကို ဆက်လက်မီးရှို့နေတယ်လို့ ခင်ဦးအခြေစိုက် ကာကွယ်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
မနေ့က အပြန်အလှန်တိုက်ပွဲနေချိန်အတွင်း ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူ(၁၉)ဦးနဲ့ သံဃာငါးပါးကို ကာကွယ်ရေး အင်အားစုတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အလယ်လျှိုရွာထဲကို စစ်တပ်က စီးနင်းဝင်ရောက်ခဲ့ပြီး ရွာခံအများအပြားတိမ်းရှောင်ကြပေမယ့် စစ်ကောင်စီက ရွာထဲပြန်ဝင်နေထိုင်ဖို့နဲ့ မဝင်လာရင် အိမ်တွေကို မီးးရှို့မှာဖြစ်တယ်လို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။