စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲဟာ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ပတ်သက်ရင် ကာလရှည်ကြာ လျစ်လျူရှုထားဆဲ ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ် ကစားသမား ဗင်နစ်ရှပ်စ် ဂျူနီယာက ဝေဖန်သွားခဲ့ပါတယ်။
လာလီဂါဟာ ရီးရဲလ်အပြင် ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့လို ကမ္ဘာကျော် ဘောလုံးကလပ်တွေ ပါဝင် ယှဉ်ပြိုင်နေပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးပြိုင်ပွဲတွေထဲက တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဒါပေမဲ့ အဲဒီလို ပြိုင်ပွဲမျိုးမှာ အကျည်းတန်တဲ့ လူမျိုးရေး ခွဲခြားမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ဘရာဇီး လက်ရွေးစင် ဗင်နစ်ရှပ်စ်က စိတ်ပျက်နေတာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရီးရဲလ် ဗယ်လာဒိုးလစ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြား လှောင်ပြောင်မှုကို ကြုံတွေ့ခဲ့ရပါတယ်။
အောက်တိုဘာလတုန်းကလည်း ရီးရဲလ်ရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုက သူ့ရဲ့ ပရိသတ် တချို့ဟာ အသက် ၂၂ နှစ်အရွယ် ဗင်နစ်ရှပ်စ်ကို ဦးတည်ပြီး လက်ခံနိုင်စရာ မရှိတဲ့ အော်ဟစ်ကြွေးကြော်မှုတွေ လုပ်ခဲ့တာကို အပြင်းအထန် ရှုတ်ချကြောင်း ကြေညာခဲ့ရဖူးပါတယ်။
ဗင်နစ်ရှပ်စ်က ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ဘောလုံးကလပ်တွေ ယှဉ်ပြိုင်နေတဲ့ ပွဲစဉ်တွေမှာ ကွင်းထဲကို လူမျိုးရေး ခွဲခြားတဲ့ အမူအကျင့်တွေ ရောက်ရှိနေကြောင်း၊ ဒါပေမဲ့ လာလီဂါကတော့ ဘာမှ တုံ့ပြန် ဆောင်ရွက်မှု မရှိဘဲ မျက်ကွယ်ပြုထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သူက ကိုယ့်ရဲ့ အောင်မြင်မှုအတွက် အောင်ပွဲခံခဲ့တဲ့အပေါ် လူမျိုးရေး ခွဲခြား တိုက်ခိုက် ခံရတဲ့အပြင် အဆုံးသတ်ကျတော့ သူ့အပြစ်လိုတောင် အစွပ်စွဲ ခံခဲ့ရသေးတယ်လို့လည်း ဗင်နစ်ရှပ်စ်က ဆက်ပြောပါတယ်။
စပိန် လာလီဂါ ပြိုင်ပွဲရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လာလီဂါမှာ အမုန်းစကားတွေအတွက် နေရာမရှိစေရဘူးလို့ ပြောပါတယ်။ ပြီးတော့ ဗယ်လာဒိုးလစ်နဲ့ ပွဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်လည် ဆန်းစစ်နေပြီး အမုန်းစကား ပြောကြားသူတွေကို ဖော်ထုတ် အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ ကလပ်အသင်းတွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း အဲဒီ ပုဂ္ဂိုလ်က ကတိပြုခဲ့ပါတယ်။
အောက်တိုဘာလတုန်းက အက်သလက်တီကိုမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ လူမျိုးရေး ခွဲခြား အော်ဟစ်ခဲ့တယ်ဆိုတဲ့ ပရိသတ်တွေကို ဘယ်သူဘယ်ဝါဆိုတာ တပ်အပ် မစွပ်စွဲနိုင်တဲ့အတွက် စုံစမ်း စစ်ဆေးမှုတွေကို ရပ်တန့်လိုက်ရကြောင်း စပိန် အစိုးရ ရှေ့နေတွေက ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။