ဧရာဝတီတိုင်း အစိုးရရုံးတွေမှာ နှစ်သစ်ကူးပါဆယ်ဗုံးလက်မခံဖို့ သတိပေးတင်းကျပ်နေ

နှစ်သစ်ကူးကာလမှာ အစိုးရုံးတွေအနေနဲ့ ပါဆယ်ဗုံးတွေနဲ့ပတ်သက်ပြီး သတိရှိကြဖို့ စစ်ကောင်စီကလျို့ဝှက်ညွှန်ကြားချက်တစောင်ထွက်လာပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲက အစိုးရရုံးတွေအားလုံးမှာ လုံခြုံရေးတင်းကျပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
လာမယ့်နှစ်သစ်ကူးကာလမှာ နေပြည်တော်အပါအဝင် နိုင်ငံတဝန်းကအစိုးရရုံးတွေမှာစစ်ကောင်စီလက်အောက်ခံရုံးတွေကို ပါဆယ်ဗုံးနဲ့တိုက်ခိုက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၅ရက်ကစပြီးလျို့ဝှက်ညွှန်ကြားချက်တွေ စစ်ကောင်စီကထုတ်ပြန်နေတာလို့ဆိုပါတယ်။
 
ဒီညွှန်ကြားချက်ထွက်ပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီလက်အောက်ခံရုံးအသီးသီးက ဝန်ထမ်းတွေအစည်းအဝေးခေါပြီး သတိပေးနေတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထွေအုပ်ဝန်ထမ်းတဦးကပြောပါတယ်။
 
‘’ ညွှန်ကြားစာထွက်တာ ၆ရက်လောက်ရှိပြီ။ ရုံးထဲက လူတွေနဲ့မိသားစုတွေကို အစည်းအဝေးခေါပြီး ရုံးကိုလာပို့တဲ့ပါဆယ်တွေကို သတိထားလက်ခံဖို့ လုံခြုံရေးသတိရှိဖို့ပြောတယ်’’ လို့ ပုသိမ်မြို့ခံထွေအုပ်ရုံးဝန်ထမ်းက DNA ကိုပြောပါတယ်။
 
အလားတူပဲ ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းထိစပ်နေတဲ့ ညောင်တုန်းနဲ့မအူပင်မြို့တွေမှာလည်း ပစ္စည်းပါဆယ်လက်ခံတာကို အထူးသတိပြုဖို့ ထုတ်ပြန်နေသလို နဲ့ရုံးဝန်ထမ်းတွေကိုပါလုံခြုံရေးအရတင်းကျပ်စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။
 
‘’ပါဆယ်လက်မခံဖို့သတိပေးသလို ဝန်ထမ်းတွေရဲ့ဖုန်းတွေကိုလည်း စစ်တယ်’’ လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့မအူပင်မြို့ခံ ခရိုင်လဝကဝန်ထမ်းတစ်ဦးကဆိုပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်ထိစပ်နေရာ ငါးသိုင်းချောင်းမြို့၊ ပဲခူးတိုင်းနဲ့ထိစပ်နေရာကြံခင်းမြို့နဲ့ ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းထိစပ်နေတဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်စတဲ့နေရာတွေမှာလည်း ခရီးသည်ယာဉ်လိုင်းတွေကို စစ်တပ်နဲ့ရဲတွေက
 
စစ်ဆေးတင်းကျပ်နေတယ်လို့ ဒေသခံခရီးသွားတွေရဲ့ပြောပြချက်အရသိရပါတယ်။
 
ဒီလိုစစ်ဆေးတဲ့နေရာမှာလည်း ကုန်ပစ္စည်းတချို့ကိုလုံခြုံရေးအကြောင်းပြ ဖွင့်ဖောက်စစ်ဆေးတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေပြီး ပစ္စည်းတွေကို တန်ဖိုးအတိုင်းပေးလျော်နေရတဲ့အခြေအနေတွေရှိတယ်လို့လည်း ညောင်တုန်းမြို့ကကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
 
အလားတူပဲ ဧရာဝတီတိုင်းအတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေ စိမ့်ဝင်ရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုဒီဇင်ဘာပထမပတ်ကစပြီး မြို့နယ်အလိုက် ဧည့်စာရင်းစစ်ဆေးမှုတွေနဲ့ လှည်ကင်းတွေကိုတင်းကျပ်ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။