ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ တွဲဖက် အတွင်းရေးမှူးထောင်ဆယ်နှစ်ချမှတ်ခံရ

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ နောက်ဆုံးနှစ် ကျောင်းသူ မနန်းတွယ်တာဦးကို မော်လမြိုင် ခရိုင် တရားရုံး(၂)က ဒီဇင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ 

“မနန်းတွယ်တာဦးဟာ ကျောင်းသား သမဂ္ဂလှုပ်ရှား မှုတွေမှာ ပါဝင်ခဲ့သလို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာလည်းဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်၊သူတို့ စွပ်စွဲထားတဲ့ အမှုတွေ၊ပုဒ်မ တွေနဲ့ တော့ မဟုတ်ဘူး၊ မဆိုင်ဘူး” လို့ ဗကသအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။ 

မနန်းတွယ်တာဦးဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်က မော်လမြိုင်မှာ ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး (၇)လနီးပါး အကြာမှာ စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်ခရိုင်တရားရုံး (၂)က အကြမ်း ဖက်ဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့တာပါ။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗကသ အဖွဲ့ဝင် ၄၀ ကျော် မတရားဖမ်းဆီးခံထားရပြီး အဖွဲ့ ဝင်တချို့ ပြန်လွှတ်မြောက်တာ ရှိပေမဲ့ လက်ရှိအဖမ်းခံထားရသူတွေဟာ အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ကနေ အများဆုံး ၂၂ နှစ်အထိ စစ်ကောင်စီလက်အောက်က တရားရုံးတွေက အမိန့်ချမှတ်ထားပါတယ်။ 

“အခုတလောအတွင်းမှာပဲ သမဂ္ဂကျောင်းသား အများစုတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတယ်။ စစ်အစိုးရရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ တရားရေး ဟာ ကျောင်းသားထုအပေါ်မှာ ဘယ်လောက် ဖိနှိပ်ယုတ်မာရက်စက်သလား ပေါ်လွင်နေပါတယ်၊ဒါမျိုုး နှစ်ရှည်ထောင်ဒဏ်ချမှတ်နေတဲ့အပေါ်မှာ ကျွန် တော်တို့ ကြောက်ရွှံသွားမှာ မဟုတ်ပဲနဲ့ ကျနော်တို့ ကျောင်းသားထုနဲ့ ပြည်သူတွေဟာ အလုပ်ပိုလုပ်သွားရမယ်ဆိုတဲ့ အသိမျိုးပဲ တွေးမိတယ်” လို့ ဗကသအဖွဲ့ချုပ်က တာဝန်ခံတစ်ဦးက ပြောပါ တယ်။ 

မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီးထောင်ချခံထားရတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ထောင်ဝင်စာအတွက် ကူညီပေးနေတာရှိသလို အခက်အခဲဖြစ်နေတဲ့ ထောင်ကျနေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ မိသားစု တွေကို လည်း သမဂ္ဂအဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သမျှ ကူညီပေးနေတယ်လို့ သိရပါတယ်။