အိန္ဒိယထုတ် ဆေးရည်တစ်မျိုး သောက်မိတဲ့ ဥဇဘက် ကစ္စတန်က ကလေးငယ် နှစ်ဆယ်နီးပါး သေဆုံး

ဥဇဘက် ကစ္စတန် နိုင်ငံမှာ အိန္ဒိယ ကုမ္ပဏီ တစ်ခု ထုတ်လုပ်တဲ့ သောက်ဆေး အရည် တစ်မျိုး သောက်သုံးမိတဲ့ ကလေးငယ် ၂၀ နီးပါး သေဆုံးသွားကြောင်း သိရပါတယ်။

အိန္ဒိယ ကုမ္ပဏီဖြစ်တဲ့ Marion Biotechက ထုတ်လုပ်တဲ့ အအေးမိ တုပ်ကွေး ဖျားနာပျောက်ဆေးရည် Doc-1 Maxကို သောက်သုံးမိတဲ့ ကလေး ၂၁ ဦးထဲက ၁၈ ဦး သေဆုံးသွားပြီလို့ ဥဇဘက် ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီဆေးရည် သောက်မိတဲ့ ကလေးတွေဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ခံစားရပြီး အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။ ကနဦး ဓာတ်ခွဲ ရလဒ်တွေအရ အိန္ဒိယက တင်သွင်းလာတဲ့ သောက်ဆေးတွေထဲက တစ်သုတ်မှာ အဆိပ်အတောက် ဖြစ်စေတဲ့ အီသိုင်လင်း ဂလိုင်ကော ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတာကို တွေ့ရှိထားကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးသောက်ပြီး သေဆုံးသွားတဲ့ ကလေးအများစုဟာ မိဘတွေက ဆရာဝန်တွေကို မမေးမြန်း မတိုင်ပင်တာ၊ ဒါမှမဟုတ် သတ်မှတ် ညွှန်ကြားထားတဲ့ ပမာဏထက် လွန်လွန်ကဲကဲ ဆေးတိုက်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲပါ။

အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ Marion Biotechတို့ကတော့ အခုကိစ္စအပေါ် မှတ်ချက် တစ်စုံတရာ မပေးသေးပါဘူး။ ဒါပေမဲ့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနဟာ သတင်းတွေနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ စတင်နေပြီလို့ အစိုးရ အရာရှိ တစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။

နောက်ပြီး အိန္ဒိယ အာဏာပိုင်တွေဟာ အခု သီတင်းပတ် အစောပိုင်းမှာ နိုင်ငံအနှံ့က ဆေးဝါး စက်ရုံတွေကို ဖြန့်ကျက်ပြီး အရည်အသွေးနဲ့ လုံခြုံရေးဆိုင်ရာ စံနှုန်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဥဇဘက်က ဖြစ်စဉ်ဟာ အိန္ဒိယထုတ် ဆေးရည်တွေကြောင့် ဂမ်ဘီယာမှာ ကလေးတွေ အများအပြား သေဆုံးခဲ့ဖူးတဲ့ ကိစ္စနဲ့လည်း ဆင်တူနေပါတယ်။

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော် အခြေစိုက် Maiden ဆေးဝါး ကုမ္ပဏီက ထုတ်လုပ်တဲ့ ချောင်းဆိုးနဲ့ အအေးမိပျောက် ဆေးရည်တွေ သောက်သုံးမိရာက ကလေးငယ် ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဇမ်ဘီယာ အစိုးရက အောက်တိုဘာလမှာ ထုတ်ပြန်ဖူးပါတယ်။ ဒါပေမဲ့ အိန္ဒိယ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကတော့ ဒီကိစ္စဟာ သူတို့ရဲ့ အမှားကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ဆေးဆိုင်လို့ တင်စားခံရပြီး ကမ္ဘာပေါ်မှာ ဆေးဝါးထုတ်လုပ်မှု အများဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယထုတ် ဆေးဝါးတွေ ပြည်ပကို တင်ပို့ရောင်းချမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း နှစ်ဆ တိုးလာသလို ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၂၄.၅ ဘီလီယံဖိုးထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။