တောင်ကိုရီးယားမှာ ဒရုန်းတွေကို ကြားဖြတ် ပစ်ချတဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

တောင်ကိုရီးယား စစ်တပ်ဟာ ရန်သူ့ ဒရုန်းတွေ ကျူးကျော် ဝင်ရောက်မှုကို တန်ပြန် တားဆီးတဲ့ သရုပ်တူ စစ်ရေးလေ့ကျင့်မှု တစ်ခုကို အင်အား အလုံးအရင်းနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

 

ဒီဇင်ဘာ ၂၉ ရက်က စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်ဖို့ အဓိက ရည်ရွယ်ပြီး ပြင်ဆင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကိုရီးယား လေပိုင်နက်ထဲကို မြောက်ကိုရီးယား ဒရုန်း ၅ စီး ပျံသန်း ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို စစ်ရေးလေ့ကျင့်မှုမျိုးကို တောင်ကိုရီးယားဖက်က အပူတပြင်း အကောင်အထည် ဖော်ခဲ့တာပါ။

 

အခုသီတင်းပတ် အစောပိုင်းတုန်းက မြောက်ကိုရီးယားရဲ့ ဒရုန်းတွေဟာ နယ်စပ်ကို ဖြတ်ကျော်​ဝင်ရောက်လာကြောင်း တောင်ကိုရီးယား ရေဒါတွေက ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို ချက်ချင်း စေလွှတ်ပြီး ဒရုန်းတွေကို ပစ်ချဖို့ ကြိုးစားပေမယ့် တစ်စီးကိုမှ မဟန့်တားနိုင်ဘဲ အားလုံး လွတ်မြောက်သွားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒရုန်းတစ်စီးဟာ ဆိုးလ်မြို့တော် မြောက်ပိုင်း ဆင်ခြေဖုံးမှာတောင် အချိန်ပိုင်းလောက် လှည့်ပတ် ပျံသန်းခဲ့သေးတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

 

တောင်ကိုရီးယားအတွက် ပိုပြီး အရှက်ကွဲစရာ ဖြစ်ခဲ့တာက တောင်ကိုရီးယား ဒရုန်းတွေကို ပစ်ချဖို့ ကမန်းကတမ်း ပျံတက်တဲ့ အပေါ့စား တိုက်လေယာဉ် တစ်စီးပါ ပျက်ကျခဲ့တာပါ။ လေယာဉ်မှူး ၂ ဦးကတော့ ဘေးမသီရန်မခ လွတ်မြောက်ခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးက မြောက်ကိုရီးယား ဒရုန်းကို စက်သေနတ်နဲ့ အတွဲလိုက် ပစ်ခတ်ခဲ့ပေမယ့် မထိမှန်ခဲ့ဘဲ လွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။

 

ဒါဟာ ၂၀၁၇ နောက်ပိုင်း မြောက်ကိုရီးယား ဒရုန်းတွေ ပထမဆုံးအကြိမ် တောင်ကိုရီးယား လေပိုင်နက်ထဲ လူသိရှင်ကြား ကျူးကျော်မှု ဖြစ်လာပါတယ်။ နောက်ပြီး တောင်ကိုရီးယား လေကြောင်းကာကွယ်ရေး တပ်တွေရဲ့ ကြိုတင် ပြင်ဆင်မှု အပေါ်မှာလည်း အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား စစ်တပ်နဲ့ အစိုးရက အခုကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တောင်းပန်ခဲ့ရပါသေးတယ်။

 

ဒီဇင်ဘာ ၂၉ ရက်က ဆိုးလ်မြို့တော်နားမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာတော့ မြေပြင်အခြေစိုက် လေကြောင်းပစ် စက်သေနတ်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ် စုစုပေါင်း အစီး ၂၀ လောက် ပါဝင်ပြီး ရန်သူ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချသလို သရုပ်တူ လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်က သူဟာ နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို ပိုမို မြှင့်တင်သွားပြီး မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တင်းတင်းမာမာ တုံ့ပြန်သွားမယ်လို့လည်း ထပ်လောင်း ကတိပြုထားပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားဟာ နည်းပညာမြင့်ပြီး ရေဒါ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် ဒရုန်းတွေ စုဖွဲ့ထားတဲ့ တိုက်ပွဲဝင် ယူနစ်တစ်ခုကို ဖွဲ့စည်းဖို့ စီစဉ်နေကြောင်းလည်း ယွန်က အတည်ပြုသွားခဲ့ပါတယ်။