သမ္မတသစ် ကျမ်းမကျိန်ခင် ဘရာဇီးရဲ့ မြို့တော်မှာ သေနတ်ကိုင်ခွင့် ယာယီပိတ်

သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကာလအတွင်း မြို့တော် ဘရာစေလီယာမှာ သေနတ်ကိုင်ခွင့် ယာယီ တားမြစ်ကြောင်း ဘရာဇီး ဗဟို တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

 

ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်မယ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲအထိ ၄ ရက်တာ ကာလအတွင်း ဘရာစေလီယာမှာ သက်ဆိုင်ရာ လုံခြုံရေး အရာရှိတွေကလွဲလို့ ဘယ်ပြည်သူကိုမှ သေနတ် ကိုင်ဆောင်ခွင့် မပြုဘဲ ယာယီ တားမြစ်ထားမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဘရာဇီး သမ္မတဟောင်း လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားက ဒုတိယအကြိမ် သမ္မတအဖြစ် တာဝန်ယူဖို့ ကျမ်းသစ္စာ ကျိန်ဆိုသွားမှာပါ။

 

သူဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျဲ ဘိုလ်ဆွန်နာရိုကို မဲအရေအတွက် အနည်းငယ်လောက်နဲ့ ကပ်ပြီး အသာစီး ရခဲ့တာ ဖြစ်ပါတယ်။ ဘိုလ်ဆွန်နာရိုကို အမာခံ အားပေး ထောက်ခံသူတွေက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုသလို ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း ဖျက်လိုဖျက်ဆီး လုပ်လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့နောက် လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားရသလို သေနတ် ကိုင်ခွင့်ပါ ယာယီ တားမြစ်ခဲ့ရတာပါ။ ဘရာဇီးမှာ လိုင်စင်နဲ့ သေနတ်ဝယ်ယူ ကိုင်ဆောင်မှုကို ပုံမှန် အခြေအနေအရ ခွင့်ပြုပေးထားပါတယ်။

 

မကြာသေးခင်ကလည်း ဘိုလ်ဆွန်နာရိုကို ထောက်ခံသူ တစ်ဦးဟာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် အရှုပ်အ​ထွေးတွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဘရာစေလီယာမှာ ဆီတင်ယာဉ်ကြီး တစ်စီးကို ဖောက်ခွဲဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အကြံအစည် အထမမြောက်ခဲ့ဘဲ ရဲတွေရဲ့ ဖမ်းဆီးမှုကိုပဲ ခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်နောက်ပိုင်းမှာတော့ အခမ်းအနား မတိုင်ခင် လုံခြုံရေး အစီအမံတွေကို ပြန်လည် သုံးသပ်​ပြီး တင်းကျပ်မှုတွေလည်း ရှိလာပါတယ်။

 

တရားရုံးချုပ် ဆုံးဖြတ်ချက်အရ တရားဝင် လိုင်စင်နဲ့ လက်နက် ကိုင်ဆောင်သူ တစ်ဦးဟာ သတ်မှတ်ကာလ ၄ ရက်အတွင်း ဘရာစေလီယာမှာ နေအိမ်ပြင်ပကို သေနတ် ယူဆောင်လာတာ တွေ့တာနဲ့ တရားမဝင် လက်နက် ကိုင်ဆောင်မှုအရ တရားစွဲဆို ခံရမှာ ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲနောက်ပိုင်း ဘရာစေလီယာ အပါအဝင် ဘရာဇီးနိုင်ငံ အနှံ့က မြို့ရွာတချို့မှာ ဘိုလ်ဆွန်နာရို ဘက်တော်သားတွေရဲ့ ဆူပူမှု၊ အုံကြွမှုတွေ ပျံ့နှံ့ ဖြစ်ပေါ်ခဲ့ပါတယ်။

 

သတင်းတွေအရ ဘိုလ်ဆွန်နာရိုဟာ လူလာရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မှာ မဟုတ်ဘဲ နှစ်သစ်ကူး ကာလမှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ဖလော်ရီဒါက စံအိမ်ကြီးဆီ သွားရောက် လည်ပတ်နေမယ်လို့ သိရပါတယ်။