ဥရောပကို စွန့်ခွာပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ထဲ ဝင်ရောက်ဖို့ ရုရှား စဉ်းစားနေ

ရုရှား ဘောလုံး သမဂ္ဂ (RFU)ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ပြီး အာရှ ဘောလုံး အဖွဲ့ချုပ် (AFC)ဆီ ပူးပေါင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ RFUဟာ ဒီဇင်ဘာ ၃၀ မှာ အမှုဆောင် ကော်မတီ အထူးအစည်းအဝေးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့နောက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)နဲ့ UEFAတို့က ရုရှား ဘောလုံးကလပ်တွေနဲ့ အမျိုးသား၊ အမျိုးသမီး လက်ရွေးစင် အသင်းတွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကနေ တားမြစ် ပိတ်ပင်ထားလိုက်ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ကာလတလျှောက် အဲဒီ ပိတ်ဆို့ အရေးယူမှုကလည်း ခိုင်မာ တည်တံ့နေတုန်းပါပဲ။ ဒါပေမဲ့ RFU တာဝန်ရှိသူတွေကတော့ FIFAဖက်က အရေးယူမှုတွေ ရုပ်သိမ်းပေးလိုက်ပြီးရင်တောင် UEFA လက်အောက်မှာ ဆက်ပြီး ရပ်တည်ဖို့ သင့်မသင့် ကြိုတင် ချိန်ဆ စဉ်းစားနေတာ ဖြစ်ပါတယ်။ ရုရှားအသင်းဟာ အာရှဇုန်ဖက်မှာ ပိုပြီး နွေးထွေးတဲ့ ကြိုဆိုမှုမျိုး ရရှိနိုင်မယ်လို့ RFUရဲ့ တာဝန်ရှိသူတွေက ယူဆနေပါတယ်။
ပထဝီဝင် အနေအထားအရ ရုရှားဟာ အာရှတိုက်ထဲမှာရော၊ ဥရောပတိုက်ဖက်မှာပါ ပျံ့နှံ့ တည်ရှိနေတာကြောင့် မူအားဖြင့် အာရှဇုန်ဖက် ကူးပြောင်းခွင့်ရှိမယ့် သဘောပါ။ လက်ရှိ အခြေအနေတွေကို ကြည့်မယ်ဆိုရင် UEFAနဲ့ RFUတို့ကြားက အတွေးအမြင် ကွာဟမှုတွေဟာ ရုရှား ဘောလုံးလောကရဲ့ ကောင်းရာကောင်းကျိုးအပေါ် ထိခိုက်မှုတွေ ရှိစေတယ်လို့ ယူဆသင့်ကြောင်း ဒူးမားလွှတ်တော်ရဲ့ ဒုတိယ အကြီးအကဲ ရိုမန် တာရူရှ်ကော့ဗ်က ပြောပါတယ်။ ရုရှားဟာ ကိုယ့်အပေါ် လိုလားမှုမရှိတဲ့ နိုင်ငံတွေ စုပြုံပါဝင်နေတဲ့ ဘောလုံးအဖွဲ့ချုပ် တစ်ခုထဲမှာ ပါဝင်ရင်း အားကစားဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုတွေ တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက ဆိုပါတယ်။
RFU ကော်မတီဝင်တွေဟာ AFCဖက် ကူးပြောင်းဖို့ သင့်မသင့် ဆိုတာကို ဒီဇင်ဘာ ၂၃ ရက်က ကနဦးအဆင့် ဆွေးနွေးခဲ့ပြီး နောက်တစ်ပတ် အကြာမှာ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့ နောက်တစ်ကြိမ် တွေ့ဆုံကြမှာပါ။ ရုရှားနိုင်ငံရဲ့ လေးပုံသုံးပုံနီးပါး အကျယ်အဝန်းဟာ အာရှတိုက်ထဲမှာ ပါဝင်နေပါတယ်။
၂၀၀၆ ခုနှစ်တုန်းကလည်း ဩစတြေးလျ ဘောလုံး အဖွဲ့ချုပ်ဟာ သမုဒ္ဒရာပိုင်းဇုန် ဘောလုံးအဖွဲ့ချုပ် (OFC)ကနေ နုတ်ထွက်ပြီး အာရှဇုန်ထဲ လာရောက် ပူးပေါင်းခဲ့သလို လက်ရှိ အချိန်ထိ (AFC) အဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။