မတ္တရာနယ် ပိုဝရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝရွာမှာ စီးနင်းတပ်စွဲထားတဲ့ စစ်တပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အဲ့ဒီမြို့နယ် အခြေစိုက် ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပိုဝရွာကို စစ်ကြောင်းထိုးလာချိန် ရွာထဲပိတ်မိနေသူတွေ ရှိတာကြောင့် ကယ်ဆယ်ဖို့အတွက် ကင်းထောက်သွားတဲ့ တပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပိုဝရွာထဲကို ဒီဇင်ဘာ (၂၆) ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး ရွာခံသုံးဆယ်ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဒေသခံတွေကတော့ စစ်တပ်က ပိုဝရွာကနေ ပြန်ထွက်ခွာတဲ့ ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ဒေသခံတွေနဲ့ ကာကွယ်ရေးအင်အားစုတွေ ရွာထဲပြန်ဝင်ချိန် ရွာလယ်မှာ မီးရှို့ခံထားရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ပိုဝကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ရဲဘော်နိုင်းနဲ့ ရဲဘော်ပြည့်တို့ဖြစ်ပြီး အဲ့ဒီနှစ်ဦးကို စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ဆိုပါတယ်။

ပိုဝကျေးရွာကို စီးနင်းခဲ့တဲ့စစ်ကြောင်းဟာ ဒီလ ၂၇ ရက်နေ့ကလည်း စိန်ပန်းကုန်းကျေးရွာက အသက်နှစ်ဆယ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မတ္တရာမြို့အနောက်ဖက် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လူသတ်မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့တွေ မြို့အနောက်ဘက်က ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေသလို အဲဒီကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။