ဝေါမြို့မှာ ရပ်ကွက်ရုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူနှစ်ဦး တလနီးပါးကြာချိန်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ဝေါမြို့ ကန်တော်ရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်က ဖမ်းသွားတဲ့ CDM ဝန်ထမ်းတဦးနဲ့ မြို့ခံတဦးကို တလနီးပါးကြာချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ဝေါမြို့၊ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အခုလ ၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး နောက်တရက်မှာ စစ်တပ်က အဲ့ပေါက်ကွဲမှုနဲ့ပတ်သက်လို့ လေးဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး နှစ်ဦးကိုတော့ ပြန်မလွှတ်ပေးသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရပ်ကွက်ရုံး ဗုံးပေါက်တာနဲ့ပက်သက်ပြီးတော့ ဘေးနားနေတဲ့ CDM ထွေအုပ်ရုံးစာရေး အကိုကြီးကိုဖမ်းသွားတာ ခုထိဘာသတင်းမှမကြားဘူး၊ သူနဲ့သူတပည့်တစ်ဦးလည်း ပါသွားတယ်” လို့ မြို့ခံတဦးက DNA ကိုပြောပါတယ်။

အဲ့ဒီနှစ်ဦးကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာ လက်ရှိအချိန်အထိ မသိရ တာကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ပြန်လွတ်မလာသေးသူ နှစ်ဦးထဲက ကိုဟိန်းမင်းဇာအောင်ဟာ ကန်တော်ရပ်ကွက်ရုံးစာရေးဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ကာ ဝန်ထမ်းအဖြစ်က နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

သူရဲ့အမျိုးသမီးဖြစ်သူဟာလည်း ကိုဗစ်- ၁၉ ကူးစက်ခံရလို့ ပြီးခဲ့တဲ့နှစ်က သေဆုံးသွားလို့ သားနှစ်ဦး နဲ့အတူနေထိုင်ကာ ကျပန်းအလုပ် လုပ်ကိုင်နေသူဖြစ်ပြီး လက်ရှိမှာ ကိုဟိန်းမင်းဇာအောင်ရဲ့ သားသမီးတွေကိုလည်း အိမ်နီးချင်းတွေက စောင့်ရှောက်ပေးနေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

” သူ့မှာပိုက်ဆံလဲမရှိ၊ ရပ်ကွက်ကပေးတဲ့ မြေနေရာလေးမှာနေရတာ၊ မိန်းမကလည်း ကို​ဗစ်တုန်းကဆုံးသွားတယ်၊ သူကလျှပ်စစ်ပစ္စည်းတွေပြင်တယ်၊ သားလေးနှစ်ယောက်၊ တစ်ယောက်က ကျောင်းတက်တဲ့အရွယ် တစ်ယောက်က ခုမှလေးနှစ်လောက်ပဲရှိဦးမယ်” လို့ သူကပြောပါတယ်။

ဝေါမြို့နယ်မှာ စစ်တပ်ကစွပ်စွဲချက်မျိုးစုံနဲ့ ဖမ်းဆီးသွားသူတွေ ပြန်လွတ်လာဖို့ ငွေကြေးသိန်းချီပေးရတာတွေလည်း ရှိတယ်လို့ DNA နဲ့ အဆက်အသွယ်ရတဲ့ မြို့ခံတချို့ကပြောပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

“ပြန်လွတ်ချင်ရင် အတင်းဝန်ခံခိုင်းတယ်၊ အချိန်တပတ်အတွင်း ငွေဆယ်သိန်းကနေ သိန်းနှစ်ဆယ်အထိတောင်းတယ် ငွေပေးရင်ပြန်လွတ်ပေးမဲ့သဘော ဖြစ်နေတာ၊ တချို့ကတော့ နှစ်ဖက်ညှိပြီးတော့ငွေနိုင်သလောက်ပေးလို့ ပြန်လွတ်ပေးလိုက်တာရှိတယ်” လို့ မြို့ခံတဦးက ဆိုပါတယ်။

ဝေါမြို့နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလကနေ အခုလအတွင်း CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်နှစ်ဦးနဲ့ မြို့ခံလူငယ်နှစ်ဦးတို့ကိုလည်း PDF အဖွဲ့ကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။