ရခိုင်မှာ နှစ်ဖက်တပ်တွေ အပစ်ရပ်ထားချိန် အာဏာသိမ်းစစ်တပ်က လက်နက်၊ ရိက္ခာနဲ့ စစ်သားတွေ ဖြည့်တင်း နေရာချထားတာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေနဲ့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်ကနေစလို့ နုတ်သဘောတူညီချက်နဲ့ အပစ်ရပ်ခဲ့ကြတာဖြစ်ပြီး အပစ်ရပ်ကာလ တစ်လကျော်ရှိပါပြီ။
အဲဒီကာလအတွင်း နှစ်ဘက်ထိပ်တိုက်တွေ့တာ၊ ပစ်ခတ်တာတွေ မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ကတော့ လက်နက်၊ ရိက္ခာ၊ စစ်သားတွေ နေ့တိုင်းနီးပါး ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“စစ်တွေကနေ သုံးရက်ခြား တစ်ခါလောက် နေဗီ (စစ်ရေယာဉ်) တွေ၊ ဇက်တွေနဲ့ လက်နက်တွေ လာပို့တယ်၊ စစ်သားတွေရော ပါတယ်၊ အဲဒါကို ကျောက်တော်တပ်မမှာ ထားတယ်၊ အပေါ်ပိုင်း ပလက်၀ဘက်ကိုလည်း ပို့တာရှိတယ်၊ ဒီနေ့လည်း ဇက်လေးစီးတက်သွားတယ်” လို့ ကျောက်တော်ဒေသခံတဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် စစ်တွေကနေ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောင်ဘက်တွေနဲ့ မင်းပြားဘက်တွေကိုလည်း နေဗီ (စစ်ရေယာဉ်) တွေနဲ့ လက်နက်၊ ရိက္ခာတွေ ပို့ဆောင်နေတာရှိတယ်လို့ အဲဒီက ဒေသခံတွေက ပြောကြပါတယ်။
“အင်္ဂါနေ့ (ဒီဇင်ဘာ ၂၇) ကမှ မင်းပြားကို နေဗီသုံးစီးရောက်လာသေးတယ်၊ စစ်သားတွေလည်း အများကြီးပါတယ်” လို့ မင်း ပြားဒေသခံတဦးက ဆိုပါတယ်။
အဲဒီလို စစ်တွေကနေ ပို့လာတဲ့ လက်နက်၊ ရိက္ခာတွေကို စစ်ကောင်စီရဲ့ မြို့ပေါ်တပ်ရင်းတွေသို့ ပို့ဆောင်ထားပြီး အဲဒီကနေတစ်ဆင့် နီးစပ်ရာ တပ်ရင်း၊ တပ်စခန်းတွေဆီ ကားတွေနဲ့ ဆက်ပြီးပေးပို့နေကြတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“မင်းပြားကို နေဗီရောက်တဲ့နေ့ကဆိုရင် ကားအစီးရေ တစ်ဆယ်ကျော်လောက်နဲ့ မြောက်ဦးဘက်ကို လက်နက်တွေပို့တယ်” လို့ မင်းပြားဒေသခံက ပြောပါတယ်။
အခုလို လက်နက်၊ ရိက္ခာ၊ စစ်သားတွေ ဆက်တိုက်ဖြည့်တင်းနေတာကြောင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေနဲ့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။
“သိပ်ကြာမယ်မထင်ဘူး၊ ဒီလို လက်နက်တွေ၊ လူတွေ အလုံးအရင်းနဲ့ ဖြည့်နေရင် ဒီဘက်ကလည်း သည်းခံမယ်မထင်ဘူး၊ ပြီးတော့ ဒီကောင်တွေက လက်နက်၊ ရိက္ခာရသွားရင် ပြည်သူတွေကို ထပ်ပြီး ဒုက္ခပေးကြတော့မှာ” လို့ အမည်မဖော်လိုတဲ့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
AA ပြောခွင့်ရ ခိုင်သုခကလည်း စစ်ကောင်စီတပ်က အခုလိုမျိုး လက်နက်၊ ရိက္ခာဖြည့်တင်းနေတာတွေကို စောင့်ကြည့်နေတယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေကို ပြောကြားထားတာရှိပါတယ်။
ရခိုင်မှာ နှစ်ဖက်အပစ်ရပ်ခဲ့ကြတဲ့ ၂၀၂၀ တုန်းကလည်း စစ်တပ်ဟာ အခုလိုမျိုး ရိက္ခာ၊ လက်နက်တွေ ဆက်တိုက်ဖြည့်တင်း၊ နေရာချနေခဲ့တယ်လို့ ဒေသခံတွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။
အခုနောက်တစ်ကြိမ် ထပ်ပြီးအပစ်ရပ်တဲ့အခါမှာလည်း ရိက္ခာ၊ လက်နက်ဖြည့်တင်းတာတွေ လုပ်နေတာပါ။
လက်ရှိအပစ်ရပ်ကာလအတွင်း အာဏာသိမ်းစစ်တပ်က လက်နက်၊ ရိက္ခာဖြည့်တာအပြင် ရခိုင်ပြည်နယ်အတွင်းက လမ်းတွေကိုပိတ်တာ၊ ဆေးဝါး ၊ ရိက္ခာ သယ်ယူခွင့် ကန့်သတ်တာ စတာတွေလည်း လုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရခိုင်မှာတိုက်ပွဲကာလအတွင်း စစ်ကောင်စီက ပိတ်ထားတဲ့ ကားလမ်း၊ ရေလမ်း ၁၀ ခုရှိခဲ့ပြီး အဲဒီထဲက ၈ ခုကို အပစ်ရပ်ကာလမှာ ပြန်ဖွင့်ပေးထားကာ ကျန်လမ်း ၂ ခုကိုတော့ အခုအချိန်အထိ ဖွင့်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။
ဖွင့်ပေးထားတဲ့ လမ်းတွေမှာလည်း စစ်တပ်က စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားပြီး ကုန်စည်၊ ရိက္ခာ သယ်ယူခွင့်တွေကို ကန့်သတ်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဆေးဝါးပစ္စည်းတွေကိုတော့ သယ်ခွင့်မရကြသေးဘူးလို့ ဆေးဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။