ဘဏ်ဓါးပြမှုနဲ့ ဖမ်းဆီးထားတဲ့ လူငယ်ငါးဦး ထောင်နှစ်နှစ်ဆယ်စီ ချမှတ်ခံရ

ရန်ကုန်မြို့က ကမ္ဘာ့ရတနာဘဏ်ခွဲနှစ်ခု ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတဲ့ လူငယ်ငါးဦးကို အမှုတမှုစီအတွက် ထောင်ဆယ်နှစ်စီနဲ့ စုစုပေါင်းထောင်နှစ် နှစ်ဆယ်စီ ချမှတ်လိုက်ပါတယ်။

အဲ့ဒီလူငယ်ငါးဦးကို ဘုရင့်နောင်က ကမ္ဘာ့ရတနာဘဏ် ဓားပြမှုနဲ့ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာ (၂၉) ရက်မှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်လိုက်တာကြောင့် စုစုပေါင်း ထောင်နှစ်နှစ်ဆယ်အထိ ကျခံရမှာဖြစ်တယ်လို့ အဲ့ဒီလူငယ်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အမိန့်ကတော့ ဒါက ဖက်ဆစ်တရားခွင်ဆိုတော့ သူတို့သဘောအတိုင်းပဲ၊ ကျွန်မတို့ကတော့ ဘာမှ မျှော်လင့်မထားဘူး” လို့ သူကပြောပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၉၅) ဓားပြမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုဇင်လင်း (Angry Floke) ၊ မဝင်းထက်မာ (ခ) အမာ ၊ ကိုသူရအောင် ၊ ကိုဝင်းထိုက်ကိုကိုနဲ့ ကိုမင်းဟိန်းတို့ကို အခုလို ထောင်ဒဏ်တွေချမှတ်လိုက်သလို အဲ့ဒီအမှုမှာ အားပေးကူညီသူအဖြစ် စွပ်စွဲခံထားရတဲ့ ဦးအောင်အောင်နဲ့ ကိုမင်းလတ်ချိုတို့ကိုလည်း ရာဇသတ်ကြီးပုဒ်မ (၄၁၂) နဲ့ ထောင်ဒဏ်ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ထောင်ဆယ်နှစ်စီချမှတ်ခံရတဲ့ လူငယ်ငါးဦးဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ ဖြစ်ခဲ့တဲ့ တောင်ဥက္ကလာပနဲ့ ဘုရင့်နောင်က ကမ္ဘာ့ရတနာဘဏ်ခွဲ ဓားပြမှုတွေနဲ့ ပတ်သက်လို့ အဲ့ဒီနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဒီလူငယ်တွေကို တောင်ဥက္ကလာပက ကမ္ဘာ့ရတနာဘဏ်ခွဲဓားပြမှုနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးကလည်း ထောင်ဆယ်နှစ်စီချမှတ်ထားတာ ဖြစ်ပါတယ်။ လူငယ်ငါးဦးဟာ တရားရုံးမှာ အမှုမရင်ဆိုင်မီ စစ်ကြောရေးမှာ ရခဲ့တဲ့ဒဏ်ရာတွေအပြင် ထောင်တွင်းကရတဲ့ ရောဂါတချို့နဲ့လည်း ရင်ဆိုင်နေရတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

“အရင်ထဲက စစ်ကြောရေးမှာ ဝါယာကြိုးကို ခေါင်းမှာစည်းပြီး အရိုက်ခံရတဲ့ ရဲဘော်တယောက်ကတော့ ခေါင်းပါချိုင့်တဲ့အထိ ဖြစ်သွားတော့ ခုထိခေါင်းမူးခေါင်းကိုက်တာတွေဖြစ်တယ်၊ ကျန်ရဲဘော်တွေကတော့ အရည်ပြားရောဂါနဲ့ တခြားဖျားတာနာတာလောက်ပဲ အထဲမှာတော်တော်ကိုကြပ်ကြပ်တည်းတည်း ဖြတ်သန်းနေရတယ်၊ နှစ်ယောက်ဘာသာခြားဆိုတော့ ပိုဖိနှိပ်ခံနေရတာမျိုးရှိတယ်” လို့ သူကပြောပါတယ်။