နိုက်ဂျီးရီးယား ဆိုင်ကယ် ကာနေဗယ်လ်မှာ ပရိသတ်တွေကို ကားတစ်စီး ဝင်တိုက်လို့ လူတစ်ဒါဇင်ကျော်သေ

နိုက်ဂျီးရီးယား နိုင်ငံမှာ လူသိများတဲ့ ဆိုင်ကယ် ကာနေဗယ်လ် ပွဲတော်တစ်ခုမှာ ပရိသတ်တွေထဲ ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

 

ဒီဇင်ဘာ ၂၈ ရက်က နိုက်ဂျီးရီးယား တောင်ပိုင်းမှာရှိတဲ့ ဆိပ်ကမ်းမြို့ ကာလာဘာမှာ နှစ်စဉ် ကျင်းပနေကျ မော်တော်ဆိုင်ကယ် ကာနေဗယ်လ် ပွဲတော်မှာ အခုလို အနိဋ္ဌာရုံ ဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့တာပါ။ အဲဒီ ပွဲတော်မှာ ဆိုင်ကယ်စီးသူတွေဟာ ထူးထူးဆန်းဆန်း ဝတ်စုံ အမျိုးမျိုးနဲ့ ဝတ်ဆင်ရင်း စီတန်းလှည့်လည်ပြကြလေ့ ရှိပါတယ်။

 

အခင်းဖြစ်တဲ့ အချိန်ကလည်း ဆိုင်ကယ်တွေ အများကြီး လှည့်လည် မောင်းနှင်တာကို မြို့ခံတွေက လူစုလူဝေးနဲ့ အားပေး ကြည့်ရှုနေတုန်း အရှိန်မထိန်းနိုင်တဲ့ ကားတစ်စီးက ဝင်တိုက်တာ ခံခဲ့ရတာလို့ မျက်မြင်တွေက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် အနည်းဆုံး ၁၄ ဦးသေပြီး ၂၄ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

 

ရဲတပ်ဖွဲ့ကလည်း အရက်မူးပြီး ကားမောင်းရာက အရှိန်မထိန်းနိုင်ဘဲ လူတွေကို ဝင်တိုက်ခဲ့တဲ့ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးမိထားတယ်လို့ ကြေညာပါတယ်။

 

ဒီဇင်ဘာလမှာ ပုံမှန် ကျင်းပလေ့ရှိပြီး အာဖရိကတိုက်ရဲ့ အကျော်ကြားဆုံး လမ်းပေါ် ပွဲတော်လို့ ညွှန်းဆို ခံရတဲ့ မော်တော်ဆိုင်ကယ် ကာနေဗယ်လ်ကို ကမ္ဘာလှည့် ခရီးသွားတွေပါ လာရောက် ဆင်နွှဲလေ့ ရှိပါတယ်။ ဒီပွဲကို ဆိုင်ကယ် ဝါသနာအိုးတွေ၊ ဒေသတွင်းက နာမည်ကျော်ကြား လူသိများသူတွေက လာရောက် ချိတ်ဆက်လေ့ရှိပြီး ဆိုင်ကယ် စတန့် အလှပြတာမျိုး အစီအစဉ်တွေလည်း ပါဝင်တတ်ပါတယ်။

 

ဒီဇင်ဘာ တစ်လလုံးလိုလို ကြာမြင့်ပြီး နှစ်သစ်ကူးကျမှ အပြီးသတ်ဖို့ ရည်ရွယ်ထားတဲ့ ကာနေဗယ်လ် ပွဲတော်ရဲ့ ဖျော်ဖြေပွဲ အစီအစဉ် တချို့ကိုတော့ အခု ယာဉ်တိုက်မှု အပြီးမှာ ဖျက်သိမ်းလိုက်တယ်လို့လည်း သိရပါတယ်။