ယူကရိန်းကို လေကြောင်းကာကွယ်ရေး စနစ်တွေက ထောက်ပံ့ဖို့ ဆိုတာက အလောတကြီး ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ကြောင်း အီတလီ အစိုးရက ပြောကြားလိုက်ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အနောက်မဟာမိတ် နိုင်ငံတွေဆီက လေကြောင်းကာကွယ်ရေး စနစ်တွေ အကူအညီ တောင်းခံထားတာနဲ့ ပတ်သက်လို့ အီတလီဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်မယ်ဆိုရင် NATO အဖွဲ့ဝင် နိုင်ငံတွေက လေကြောင်းကာကွယ်ရေး စနစ်တွေ ပေးပို့စေချင်တယ်လို့ ဇီလန်စကီးက မေတ္တာရပ်ခံထားခဲ့တာပါ။
အီတလီ ကာကွယ်ရေးဝန်ကြီး ဂွိုင်ဒို ခရိုဆက်တိုက အခြေအနေ အချိန်အခါ သင့်လျော်ရင် အီတလီကလည်း ယူကရိန်းကို လေကြောင်းကာကွယ်ရေး စနစ်တွေ ပံ့ပိုးသွားမှာ ဖြစ်ပေမယ့် ဒီကိစ္စကို သေချာ သုံးသပ် စဉ်းစားဖို့တော့ လိုတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
အီတလီက ယူကရိန်းကို လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ပေးလိုက်ရမယ်ဆိုရင် နိုင်ငံရဲ့ ကာကွယ်ရေး အစီအမံတွေထဲက ဖဲ့ပေးလိုက်ရမှာ ဖြစ်ကြောင်း၊ အရင်းအမြစ် ပြတ်လပ်မှု မရှိစေဘဲ၊ နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည် ကျဆင်းမသွားစေဘဲ ဒီလို အကူအညီမျိုး ပေးဖို့အတွက် သီးခြား အစီအမံတွေ လိုအပ်လိမ့်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
အစောပိုင်းက ဇီလန်စကီးဟာ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး လေကြောင်း ကာကွယ်ရေး လက်နက်တွေ ထိထိရောက်ရောက် ပံ့ပိုးဖို့ မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။
အီတလီမှာ ဝန်ကြီးချုပ်ဟောင်း မာရီယို ဒရာဂီရဲ့ လက်ထက်တုန်းက ယူကရိန်းကို စစ်လက်နက်တွေ အပါအဝင် ထောက်ပံ့ရေး အစီအမံတွေ ၅ သုတ် ပေးပို့ခဲ့ဖူးပြီး လက်ရှိ ဝန်ကြီးချုပ် မယ်လိုနီကလည်း ဆဋ္ဌမအသုတ် အကူအညီတွေ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။
အောက်တိုဘာလတုန်းက အီတလီရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သူ မယ်လိုနီဟာ စစ်ပွဲမှာ ယူကရိန်းကို အမာခံ အားပေး ထောက်ခံမယ်လို့လည်း ကတိပြုထားပါတယ်။