ပဲခူးတိုင်း လဝကဝန်ကြီးနဲ့ သမီးကို စစ်ကောင်စီက ခံဝန်နဲ့ပြန်လွှတ်

အခု ဒုတိယပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပဲခူးတိုင်း လဝက ဝန်ကြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမတ် ဦးထွန်းထွန်းဦးနဲ့ သမီးဖြစ်သူတို့ကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ခံဝန်နဲ့ပြန်လွှတ်လိုက်တယ်လို့ ပဲခူးတိုင်း NLD ပါတီဝင်တွေဆီက သိရပါတယ်။

“ခံဝန်နဲ့ပြန်လွတ်လာတာ၊ သားအဖနှစ်ယောက်လုံး သူ့သမီးလွတ်လာတာကို သတင်းဖုံးထားတယ်၊ရန်ကုန်မှာ၊ သူ့သမီးက နိုင်ငံခြားထွက်ဖို့ လုပ်နေတာ၊ အခု သူ့အမျိုးအိမ်မှာရောက်နေပြီ” လို့ ပဲခူးတိုင်းက NLD ပါတီဝင်တဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်က တိုင်းလွတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဦးထွန်းထွန်းဦးကို စစ်ကောင်စီက အခုလ (၈) ရက်က ဖမ်းဆီးခဲ့တာပါ။

ဦးထွန်းထွန်းဦးဟာ အာဏာမသိမ်းမီအထိ ပဲခူးတိုင်းအစိုးရအဖွဲ့ လဝကဝန်ကြီးဖြစ်တာကြောင့် စစ်တပ်က အာဏာသိမ်းချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ဒီနောက်မကြာမီမှာ ပြန်လွတ်လာခဲ့ပြီး နေအိမ်ကနေ ရှောင်တိမ်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ရှောင်တိမ်းနေချိန်အတွင်း သမီးဖြစ်သူက ပြည်ပကိုထွက်ဖို့ နိုင်ငံကူးလက်မှတ်သွားလုပ်ချိန်မှာ အဖမ်းခံလိုက်ရပြီး ဦးထွန်းထွန်းဦးကိုလည်း လာအဖမ်းခံဖို့ စစ်ကောင်စီက အကျပ်ကိုင်ခဲ့လို့ ပြည်မြို့က ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်မှာ အခုလ (၈) ရက်က သွားရောက်အဖမ်းခံခဲ့တာပါ။

လက်ရှိ ပြန်လွတ်လာပြီးနောက် ဦးထွန်းထွန်းဦးနဲ့ အဆက်အသွယ်ရဖို့ DNA ကကြိုးစားပေမယ့် အဆက်အသွယ် မရသေးပါဘူး။