“၀”ဒေသမှာ ရောင်းစားခံရတဲ့ လူငယ်ဆယ့်ကိုးဦး သုံးလနီးပါးကြာချိန်အထိ ပြန်မလွတ်သေး

ရှမ်းပြည်နယ်၊အရှေပိုင်း “ဝ” ဒေသ မိုင်းပေါက်မြို့က တရုတ်ငွေလိမ်ဂိုဏ်းတခုဆီ ရောင်းစားခံလိုက်ရတဲ့ မြန်မာလူငယ် (၁၉) ဦး လွတ်မြောက်ရေးအတွက် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းပေမယ့် အခြေအနေထူးခြားမလာဘူးလို့ အဲ့ဒီလူငယ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“သူတို့က အခုပြည်တန်ဆာတွေနဲ့အတူတူ ဟောခန်းကြီးထဲမှာ အကုန်လုံးပေါင်းပြီး အိပ်ရတယ်၊ ဒီကလေး (၁၉) ယောက်ကိုပဲ၊ ပြီးတော့ ငွေလိမ်တဲ့လုပ်ငန်းကိုပဲ ဆက်ပြီးတော့ လုပ်ခိုင်းနေတယ်လို့ပြောတယ်၊ အချိန်တွေလည်း ပိုတိုးပြီးတော့ လုပ်ခိုင်းတယ်” လို့ ရောင်းစားခံလိုက်ရတဲ့ လူငယ်တွေထဲကတဦးရဲ့ မိသားစုဝင်က DNA ကိုပြောပါတယ်။

မိုင်းပေါက်မြို့နယ်ဟာ “ဝ” လက်နက်ကိုင်တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ဒေသထဲက မြို့နယ်တခုဖြစ်ပြီး ရောင်းစားခံလိုက်ရတဲ့ လူငယ်တွေထဲမှာ အမျိုးသမီး ခြောက်ဦးလည်း ပါဝင်ပါတယ်။

ကျောက်မဲ၊ သီပေါ၊ သန်လျင်၊ မကွေး၊ မန္တလေး၊ သာယာဝတီ၊ မြန်အောင်၊ အင်္ဂပူနဲ့ ပဲခူးမြို့တွေကလာတဲ့ အဲ့ဒီလူငယ် (၁၉) ဦးဟာ “ဝ” ဒေသမှာ အလုပ်ရမယ်ဆိုတာကြောင့် ပွဲစားနဲ့ ချိတ်ဆက်သွားခဲ့ရာက အခုနှစ် အောက်တိုဘာလကတည်းက ငွေလိမ်ဂိုဏ်းဆီ ရောင်းစားခံခဲ့ရတယ်လို့ သိရပါတယ်။

အလုပ်လုပ်ကိုင်ဖို့အတွက် စာချုပ်ချုပ်ဆိုပြီးမှ ရောင်းစားခံလိုက်ရတယ်ဆိုတာကို လူငယ်တွေက သိကြရပြီး လူငယ် ၁၉ ဦးအတွက် စုစုပေါင်း ယွမ်လေးသိန်းကျော် ပေးလိုက်ရတယ်လို့ ကုမ္ပဏီဘက်က ယူဆရတဲ့ အမျိုးသမီးက လူငယ်တွေကို ပြောဆိုနေတဲ့ အသံဖိုင်တခုကိုလည်း DNA က ရရှိထားပါတယ်။

အဲ့ဒီအသံဖိုင်ကို ရောင်းစားခံလိုက်ရတဲ့ လူငယ်တဦးရဲ့ မိသားစုဝင်က ပေးပို့လာတာဖြစ်ပါတယ်။ တမိနစ်စွန်းစွန်းသာကြာတဲ့ အဲ့ဒီအသံဖိုင်ထဲမှာ အပြန်အလှန်ပြောဆိုနေတဲ့ စကားသံတွေအရ အလုပ်ဆက်လုပ်ရေး မလုပ်ရေး ငြင်းခုန်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီလူငယ်တွေဟာ ရိုက်နှိက်နှိပ်စက်ခံရတာမျိုး မရှိသေးပေမယ့် အလုပ်လုပ်ကိုင်ဖို့ အတင်းအကျပ် ဖိအားပေးစေခိုင်းခံနေရပြီး ဆဲဆိုခံရတာမျိုးတွေ ရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားမှာ စိုးရိမ်နေရတယ်လို့ လူငယ်တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

“သူတို့က အရင်ကထက် အရမ်းကြီး ပိန်သွားပြီး မျက်နာလည်း မဲနေတာ၊ အဲ့မျိုးတွေ ဖြစ်ကုန်တာပေါ့၊ ရုပ်ပိုင်းဆိုင်ရာတွေ ကျလာတယ်၊ စိတ်ပိုင်းဆိုင်ရာတွေကြောင့် ပိုပြီးကြောက်ရွံလာတယ်၊ ကျွန်တော်တို့စိုးရိမ်တာက နောက်ပိုင်းသူတို့ကို မကူညီလာတဲ့အချိန် သူတို့လုပ်မိလုပ်ရာ လျှောက်လုပ်မှာလည်း ကျွန်တော်တို့ အရမ်းကို စိုးရိမ်တယ်” လို့ သူကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ ဒေသတွင်း နိုင်ငံရေးပါတီတချို့ကို အကူအညီတောင်းထားပေမယ့် လက်ရှိအထိ ထူးခြားမှုတစုံတရာ ရှိမလာဘူးလို့ အဲ့ဒီမိသားစုဝင်က ပြောပါတယ်။

ဒါ့အပြင် မိုင်းပေါက်မြို့က ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားရာမှာလည်း တရုတ်ကုမ္ပဏီပိုင်ရှင်ဘက်က လာဘ်ထိုးထားတဲ့အတွက် တိုင်ကြားဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့လိုချင်တာက မိုင်းပေါက်မြို့ရဲဌာနကို တိုင်ပေးနိုင်တဲ့လူကို ကျွန်တော်တို့ ရှာနေတာပေါ့၊ အခုအချိန်ထိတော့ တိုင်ပေးနိုင်မဲ့လူ မတွေ့သေးဘူး၊ ဖုန်းနံပါတ်တွေကအစ မရဘူးဆိုတော့ တိုင်ဖို့က ခက်နေတယ်” လူငယ်တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။