သပိတ်ကျင်းနဲ့ ကန့်ဘလူမြို့အစပ်မှာ ငါးရက်ဆက် တိုက်ပွဲဖြစ်

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်မြို့နယ်တွေဖြစ်တဲ့ သပိတ်ကျင်းနဲ့ ကန့်ဘလူမြို့နယ်အစွန်က ရွာ တွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ အခုသီတင်းပတ်အတွင်း ငါးရက်ဆက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သပိတ်ကျင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်က ကျေးရွာတွေထဲ လှည့်ပတ် စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီဇင်ဘာ (၂၃) ရက်​ကနေ (၂၇) ရက် ညပိုင်းအထိ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ငါးရပ်ဆက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သပိတ်ကျင်း တောဆင်ရိုင်း ပြောက်ကျားတပ်တာဝန်ခံက DNA ကိုပြောပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သုံးဆယ်ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ တချို့လည်း ရှိနိုင်တယ်လို့ သူကပြောပါတယ်။

မြေပြင်သတင်းပေးပို့ချက်တွေအရ စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း ထိခိုက်သူတွေကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကားလေးစီးနဲ့ ကြာအင်း ကုတင်တရာဆေးရုံကို သွားပို့ကြောင်း သိရတယ်လို့ သ ပိတ်ကျင်း တောဆင်ရိုင်း ပြောက်ကျားတပ် ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် ၁၃ တန်းမြှင့်ကျောင်းတပ်၊ ပျူစောထီးတွေနဲ့ ခလရ (၃၈၆) တပ်တွေဟာ ဒီဇင်ဘာ (၂၃) ရက်မှာ အင်အား ၁၆၀ ဝန်းကျင်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းက ခရမ်းစပ်ကုန်းရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကို ဒေသတွင်းက အမည်မဖော်လိုတဲ့ PDG တပ်ရင်းသုံးခုနဲ့ ပကဖ၊ ပလဖ၊ တောဆင်ရိုင်းအဖွဲ့တွေ ပူးပေါင်းပြီး ၆၀ မမ လက်နက်ကြီး အလုံး ၃၀ လောက် အပါအဝင် လက်နက်ငယ်တွေ နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၆ ရက်မှာ ဒီပဲယင်း နယ်ထဲဝင်လာပြီး ဇင်ချောင်းရွာမှာ အင်အား ထပ်မံ ဖြည့်တင်းကာရွာက နေအိမ်တစ်လုံးကို မီးရှို့တာအပြင် တန်းဖိုးရှိပစ္စည်းတွေနဲ့ ဒေသခံတွေရဲ့ နွားတွေကို သင်္ဘောနဲ့သယ်ယူသွားတယ်လို့ ဒီပဲယင်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်ဟာ အင်အား ၂၀ လောက်နဲ့ သပိတ်ကျင်းအနောက်ဘက်ကမ်းကို ပြန်ကပ်လာတာကြောင့် တောဆင်ရိုင်းပြောက်ကျားအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာနေမှုတွေရှိနေတယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ် ဧရာဝတီမြစ်ကမ်းတလျှောက် မြို့တွေ၊ ချင်း တွင်းမြစ်နဲ့ မူးမြစ်တလျှောက်က မြို့တွေကို စစ်ကြောင်းထိုးတာ၊ လူနေအိမ်တွေကို မီးရှို့တာ စတာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အရှိန်မြှင့် လုပ်နေတာ ဖြစ်ပါတယ်။