စစ်ကောင်စီရဲ့ ခြေဥပြင်ရေးဆွေးနွေးပွဲ အပစ်ရပ် ငါးဖွဲ့တက်၊တဖွဲ့ချင်းဆန္ဒနဲ့တက်တာလို့ဆို

အာဏာသိမ်းစစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ ခေါင်းစဥ်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့က တဖွဲ့ချင်း ရဲ့သဘောဆန္ဒအရတက်ရောက်ဆွေးနွေးနေတယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို မနေ့က ဒီဇင်ဘာ ၂၇ ရက်မှာ စတင်ခဲ့ပြီး မနက်ဖြန်အထိ သုံးရက်ကြာပြုလုပ်မှာ ဖြစ်တယ်လို့သိရပါတယ်။

“တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာဆုံးဖြတ်ခွင့်နဲ့လို့ ကျွန် တော်တို့နားလည်တယ်၊ ဒီတွေ့ဆုံမှုအခင်းအကျင်းက ၂၃ ရက် နေ့ ကျွန်တော်တို့ EAO ခုနှစ်ဖွဲ့ ညှိနှိုင်းတိုင်ပင်မှုအရ ဖြစ်ထွန်းလာတာတော့ မဟုတ်ဘူး၊ အဲဒီအလွန်ဖြစ်ပေါ်လာတဲ့ တစ်ဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်စွာဆုံးဖြတ်ခွင့်အရ ဖြစ်ပေါ်လာ တာဖြစ် ပါတယ်” လို့ အပစ်ရပ် ၇ ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က DNA ကိုပြောပါ တယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (NCA-EAOs) ရဲ့ ဥက္ကဌတွေဆီ တွေ့ဆုံဆွေးနွေးကြဖို့ဒီဇင်ဘာလ ၁၉ ရက် နေ့စွဲနဲ့ စာပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် NCA-EAOs ၇ ဖွဲ့ကတော့ နှစ်ကူးခရစ်စမတ်အချိန် ဖြစ်နေတာ၊ EAOs ခေါင်းဆောင်တချို့ရဲ့ ကျန်းမာရေးအခြေအနေစတာတွေအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်ဘက်တည်းက ချ မှတ်ထားတဲ့ပုံစံနဲ့ ဆွေးနွေးရတာဟာ အခက်အခဲ ရှိတယ်လို့ဆိုပြီး မတက်ရောက်နိုင်တဲ့အကြောင်း ဒီဇင်ဘာ၂၃ ရက်မှာ အကြောင်းပြန်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ ဖိတ်ကြားမှုမှာ ၂၀၀၈ အခြေခံ ဥပဒေထဲ တိုင်းရင်းသားတွေဘက်က ပြင်ဆင်ချင်တဲ့အချက်ကို ညှိနှိုင်း ဆွေးနွေးဖို့နဲ့ တိုင်းရင်းသားတွေဘက်က သီးခြားဆွေးနွေးလိုတဲ့ အကြောင်းအရာကို ဆွေးနွေးဖို့ဆိုပြီး ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိ တွေ့ဆုံချိန်မှာဆွေးနွေးကြတဲ့အ ကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဆွေးနွေးပွဲတက်နေတဲ့အပစ်ရပ်အဖွဲ့က ကိုယ်စားလှယ်တဦးကို DNA က ဒီကနေ့ နေ့လယ်ပိုင်းမှာဆက်သွယ်မေးမြန်းပေမယ့် အသေးစိတ်မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ထဲက ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ဒီမို ကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ကတော့ တက်ရောက်တာမရှိဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲဟာအနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့အခြေခံမူတွေကို စုပေါင်း ညှိနှိုင်းကြတာလို့ နားလည်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆွေးနွေးပွဲနဲ့ပက်သက်လို့ ပြောပါ တယ်။

“လိုအပ်တဲ့အခြေခံမူတွေကို သက်ဆိုင်သူများအား လုံး ပါဝင်တဲ့ သဘောထားတွေ ရရှိနိုင်အောင် စုပေါင်းညှိနှိုင်းပြန် ဖော်ထုတ်လာတဲ့ ကြိုးပမ်းဆောင် ရွက်မှုတစ်ခုလို့ပဲသိရှိနားလည်ထားတာရှိပါတယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ လွှတ်တော်ထဲမှာသာ အတည်ပြုဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြောကြပါတယ်။