အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်ဦးရေ လေးဆခန့်မြင့်တက်၊လူနှစ်သန်းနီးပါးစစ်ရှောင်နေရ

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်မပြည့်မီမှာပဲ နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ် ဘေးရှောင်ဦးရေလေးဆနီးပါးအထိမြင့်တက်လာ ပြီး နှစ်သန်းနီးပါးအထိ ရှိလာတယ်လို့ ISP မြန်မာရဲ့ စစ်တမ်းတွေအရသိရပါတယ်။
 
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီကနေ အခုနှစ်ဒီဇင်လာ ၁၄ရက်အထိ လက်နက်ကိုင် ပဋိပက္ခတွေကြေင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ဒုက္ခသည်နှစ်သန်းနီးပါး (၁,၉၁၂,၇၆၉) ဦးအထိရှိလာပြီလို့ ISP-Myanmar ရဲ့စစ်တမ်းကဖော်ပြပါတယ်။
 
စစ်အာဏာမသိမ်းခင်ကာလအထိပြည်တွင်းစစ် ဘေးရှောင်ဦးရေ (၄၇၉,၂၀၀)ဦးရှိခဲ့တာပါ။ ဒါ့အပြင် လက်ရှိ နှစ်သန်းနီးပါးအထိ မြင့်တက်လာတဲ့ စစ်ရှောင်တွေထဲက တစ် ဒသမ သုံးသန်းကျော်ဟာ ၂၀၂၂ခု နှစ်အတွင်း တိုးလာတဲ့အရေအတွက် ဖြစ်ပါတယ်။ အခုနှစ်အတွင်း နိုင်ငံတဝန်းမှာ လက်နက် ကိုင်ပဋိပက္ခတွေ ပိုမိုမြင့်တက်လာတဲ့ သဘောဖြစ်ပါတယ်။
 
လက်ရှိ ကောက်ယူစုဆောင်းထားတဲ့ စစ်ဘေးရှောင်စာရင်းထဲမှာ စစ်ကိုင်းတိုင်းက စစ်ရှောင်ဦးရေ ရှစ်သိန်း နီးပါးလည်းပါဝင်တယ်လို့ ISP မြန်မာ ရဲ့ စစ်တမ်းကဖော်ပြပါတယ်။ စစ်ကိုင်းတိုင်းဟာ အာ ဏာ သိမ်းပြီးနောက် စစ်ရှောင်ဦးရေ အများဆုံးတိုးလာတဲ့ ဒေသလည်း ဖြစ်တယ်လို့ ISP မြန်မာက ပြောပါတယ်။
 
မြေပြင်အခြေအနေတွေအရ စစ်ကိုင်းတိုင်းဟာ ထိ တွေ့တိုက်ပွဲတွေအပြင် စစ်တပ်က စစ်ကြောင်း ထိုးပြီးဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်တွေနဲ့ ရိက္ခာသိုလှောင်ရာ အဆောက်အုံတွေ မီးရှို့ခံရတာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
 
လက်ရှိကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်းက စုစုပေါင်းလူဦးရေရဲ့ ၁၅ရာခိုင်နှုန်း(၇၉၀၀၀၀)ဟာ စစ် ဘေးရှောင်နေကြရတယ်လို့ ISP မြန်မာရဲ့ အချက် အလက်တွေကဖော်ပြပါတယ်။
 
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေတွေမှာ အာဏာမသိမ်းမီကတည်းက တိုက်ပွဲတွေကြောင့်စစ်ရှောင်သိန်းနဲ့ချီရှိခဲ့သလို အာဏာသိမ်းအပြီးမှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့လို့ စစ်ရှောင်ဦးရေ တိုးခဲ့ပါတယ်။
 
လက်ရှိရခိုင်မှာ စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ နှစ်ဘက်သဘောတူညီမှုနဲ့ အပစ်ရပ်ထားပေမယ့် စစ်ရှောင်အများစုနေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
 
အာဏာမသိမ်းမီနဲ့ အာဏာသိမ်းအပြီးကာလတွေအတွင်း ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေး ရှောင်ဦးရေဟာလည်း တသန်းကျော်အထိရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် ပြည် တွင်း ပြည်ပအဖွဲ့အစည်းတွေကပြောထားပါတယ်။
 
ဒါကြောင့် လက်ရှိမှာ နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ခုနစ်ရာခိုင်နှုန်းလောက် စစ်ဘေးရှောင် ဒုက္ခသည်တွေ အဖြစ် နေထိုင်နေရတယ်လို့ ISP မြန်မာကပြောပါတယ်။
 
လက်ရှိမှာမြန်မာ-ထိုင်းနယ်စပ်ကဒုက္ခသည်စခန်းတွေမှာခိုလှုံနေသူတွေအပါအဝင် စစ်ရှောင် (၉၉,၁၉၀) ဦးအထိ ရှိနေသလို အိန္ဒိယနိုင်ငံ မီဇို ရမ်ပြည်နယ်ဘက်နယ်မှာလည်းစစ်ရှောင်ဦးရေ (၄၀,၀၀၀)ကျော်ထိရှိနေတယ်လို့ ISP- Myanmarရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။
 
တနိုင်ငံလုံးအတိုင်းအတာအရစစ်အာဏာ သိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်အထိ တိုက်ပွဲ ပေါင်း ၇၈၀၀ ကျော်ရှိခဲ့တယ်လို့ ISP မြန်မာက အခုလအတွင်း ထုတ်ပြန်တဲ့ စစ်တမ်းတရပ်မှာ ဖော်ပြထားပါတယ်။