ဒီပဲယင်းမြို့နယ် ကြည်ရွာ၊ ဘုရားထွက်ရွာနဲ့ မန်ကျည်းစောက်ကျေးရွာတွေကို စစ်ကောင်စီက ဒီဇင်ဘာ ၂၆ရက်နဲ့ ၂၇ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နေအိမ်ခုနစ်ရာကျော် မီးသင့်ဆုံးရှုံးခဲ့သလို မီးလောင်ပြင်ထဲမှာ ရုပ်အလောင်းတလောင်းလည်း တွေ့ရတယ်လို့ ဒီပဲယင်း ညီနောင်များအဖွဲ့ကပြောပါတယ်။
ကြည်ရွာနဲ့ ဘုရားထွက်ရွာတွေကို အခုလအစောပိုင်းကလည်း စစ်တပ်က ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အခုတကြိမ်မီးရှို့မှုမှာတော့ ကြည်ရွာအိမ်ခြေသုံးရာနဲ့ ဘုရားထွက်ရွာက အိမ်ခြေလေးရာ စုစုပေါင်း အိမ်ခြေခုနစ်ရာလောက် မီးသင့်ခဲ့တယ်လို့ သိရပါတယ်။
အိမ်တွေမီးရှို့ခံထားရတဲ့ မီးလောင်ပြင်မှာ ရုပ်အလောင်းတလောင်းတွေ့ရှိရပြီး ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။ အဲ့ဒီရုပ်အလောင်းဟာ စစ်ကောင်စီစစ်ကြောင်းထဲက ဒဏ်ရာနဲ့သေဆုံးတဲ့ အလောင်းလည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီကျေး ရွာနှစ်ရွာကို မီးရှို့ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ညနေပိုင်းမှာလည်းမန်ကျည်း စောက်ကျေးရွာကနေအိမ်တွေကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာလည်း ကံပြားရွာကို ဆက်လက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒီပဲယင်းမြို့နယ် တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အခုလတလတည်းအတွင်း ဒီပဲယင်းမြိုနယ်ထဲက ရွာနှစ်ဆယ်ကျော်ကို မီးရှို့ခဲ့လို့ နေအိမ် သုံးထောင်ဝန်းကျင် မီးဘေးသင့်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ကပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံထောင်ချီစစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင်ထောက်ပံ့ရေးလုပ်ဆောင်သူတွေအတွက် အားလုံးကို ထောက်ပံ့နိုင်ဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတဦး ကပြောပါတယ်။
“စစ်ဘေးရှောင်တွေက နေရာအနှံ့ပြန့်နေတော့ အားလုံးဆီမရောက်နိုင်ဘူးဖြစ်နေတယ်၊ မနေ့ကဆို တရွာကိုပဲ သွားနိုင်တယ်၊စိတ်လည်းမကောင်းဘူး၊ စစ်ကြောင်းကလည်းရှိနေတော့ သွားလာရမလွယ် တာလည်းရှိတယ်” လို့ သူကပြောပါတယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် ယာယီနေထိုင် ဖို့အတွက်ပါ လိုအပ် ချက် တွေရှိ နေတယ်လို့ဆိုပါတယ်။