စစ်တောင်းမြစ်ထဲ သွားလာနေတဲ့ စက်လှေတွေကို စစ်တပ်က အတင်းအကျပ်ငွေတောင်းခံမှုတွေလုပ်နေ

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်ဒေသ ဖြစ်တဲ့ ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ တလနီးပါးကြာတပ်စွဲထားတဲ့စစ် တပ်ကစစ်တောင်းမြစ်ဝှမ်းမှာသွားလာနေတဲ့စက်လှေတွေကိုအတင်းအကျပ်ငွေတောင်းခံတာတွေလုပ်လို့ ဒေသခံ လှေသမားတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။
 
စစ်တောင်းမြစ်ရဲ့ပဲခူးတိုင်းဘက်ကမ်းကသူရဲသူမိန်ကျေးရွာမှာ အခုလဆန်းပိုင်းထဲက စစ်တပ် တပ်စွဲပြီးနောက် မြစ်အတွင်းမှာသွားလာနေတဲ့ ကုန်တင်စက်လှေတွေဆီက ကျပ်နှစ်သိန်းကနေငါးသိန်းဝန်းကျင်အထိ အတင်းအကျပ် တောင်းခံနေတာဖြစ်တယ်လို့ အဲ့ဒီရွာ အနီးက ဒေသခံတဦးကပြောပါတယ်။
 
“ကုန်တင်စက်လှေတွေ့သမျှတောင်းတယ်၊ ကမ်းကပ်လာတာနဲ့သေနတ်တွေနဲ့လှမ်းချိန်ပြီးတော့ဘာတွေပါလဲအရင်မေးတယ်၊ ပြီးတာနဲ့ပိုက်ဆံတောင်းတော့တာပဲ၊ မပေးရင်လည်းလူကောစက်လှေပါသိမ်းမယ်လုပ်လို့ပေးလိုက်ရတယ်၊စက်လှေတစ်စီးကိုနှစ်သိန်းတချို့ဆိုငါးသိန်းလောက်အထိပေးရတယ်၊ ဓားပြအတိုက်ခံနေရသလိုဖြစ်နေတယ်”လို့ သူကပြောပါတယ်။
 
သူရဲသမိန်စက်လှေဆိပ်ကနေ သိမ်ဇရပ်မြို့ကဆိပ်ကမ်းသာစက်လှေဆိပ် နဲ့ မုပ္ပလင်ကျေးရွာ ဘက်ကမ်း နေရာ တွေမှာဆန်စပါး၊ မီးသွေးတွေနဲ့မွေးမြူရေးတိရိစ္ဆာန်တွေကို ကုန်စည်ကူးသန်းနေတဲ့ စက်လှေတွေကိုလည်း စစ်ကောင်စီတပ်တွေက အတင်းအကျပ်ငွေကြေးတောင်းယူနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
 
အခုလိုစစ်တောင်းမြစ်ကမ်းအနီးမှာတပ်စွဲကာစစ်ကောင်စီတပ်တွေကငွေကြေးအတင်းအကြပ်ကောက်ခံနေတာကြောင့်ရေလမ်းအသုံးပြုကာကုန်စည်ပို့ဆောင်ဖို့နဲ့ ခရီးသွားလာရာမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိမ်ဇရပ်မြို့ခံအမျိုးသမီးတဦးကဆိုပါတယ်။
 
“ပိုက်ဆံတွေနေ့တိုင်းအတင်းအကျပ်တောင်းနေတာဆိုတော့ကြာရင်ကုန်ပို့ပေးဖို့ခက်ကုန်တယ်၊ တချို့ဆိုစက်လှေနဲ့ခရီးသွားရမှာတောင်ကြောက်သွားတယ်၊ လှေထဲကပါလာတဲ့သူတွေကိုလည်းအတင်းအကျပ်စစ်တယ်၊ရေလမ်းကသွားဖို့တောင်ခက်ခဲနေတယ်”လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း သူရဲသမိန်ကျေးရွာ မှာလာရောက်ခိုလုံတဲ့CDM ကျန်းမာရေးဝန် တဦးအပါအဝင်ရပ်​ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှစ်ဦးနဲ့ဒေသခံလူငယ် တစ်ဦးကို စစ်ကောင်စီတပ်နဲ့ ဒေသ ခံပျူစောထီးအဖွဲ့ကဖမ်းဆီးရိုက်နှက်​တာရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
 
စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ CDM ကျန်းမာရေးဝန်ထမ်းဟာ ဆီးအုံကွဲ ဒဏ်ရာ ရရှိခဲ့ကာပဲခူးဆေးရုံမှာကုသခဲ့ရပြီးလက်ရှိမှာတော့ပဲခူးအကျဥ်းထောင်ကနေတရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။