ကော့ကရိတ် ညပိုင်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက တိုက်ပွဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်ညပိုင်းကစပြီးစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကော့ကရိတ်မြိုနယ်ထဲမှာတော့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာရက်သတ္တပတ်ကျော်အထိ ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက်က တိုက်ပွဲမှာ အထိနာနေတာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကော့ကရိတ်တိုက်ပွဲမှာ နေ့စဉ်ရက်ဆက် လက်နက်ကြီးတွေနဲ့ လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်နေပေမယ့် စစ်ကောင်စီက အထိနာနေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ တက်ပြန်ဆုတ်နေရတဲ့အတွက်တိုက်လေယာဉ်တွေပါ အသုံးပြုပြီး ကျေးရွာမီးရှို့မှုတွေ လုပ်နေတယ်’’ လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ က ကျားဖြူစစ်ကြောင်းမှူး ဗိုလ်မှူးစောကျော်သက်က စစ်ရေးသတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ကော့ကရိတ်မြို့နယ် ကော့နွဲကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေက
ပစ်ခတ်မီးရှို့မှုတွေ ဆက်လုပ်နေပြီး ဆုံးရှုံးမှုအခြေအနေတွေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်စပြီး စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်-မြဝတီ အာရှလမ်းမတလျောက် ထိုးစစ်ဆင်လာပြီး KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တာ ဖြစ်ခဲ့ကြတာပါ။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်၊ ကော့နွဲကျေးရွာအုပ်စုထဲက ကျေးရွာတွေအားလုံးနီးပါးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာပြေးနေကြရပြီး စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ကျော်လောက်လည်း ရှိနေပါတယ်။