ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ လွယ်တမူရွာထဲကို ဒီဇင်ဘာ (၂၆) ရက် မနေ့ကညပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်တလုံးပျက်စီးသွားသလို အဲ့ဒီအိမ်က သက်ကြီး အမျိုးသားတဦးလည်း ဗုံးစထိမှန် ဒဏ်ရာရသွားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းက သိရပါတယ်။
ဗုံးစထိမှန် ဒဏ်ရာရသွားသူဟာ အသက် (၅၀) ဝန်းကျင်အရွယ် လွယ်တမူရွာခံ ဦးအေးဆန်းဆိုသူဖြစ်ပြီး ဆေးရုံးမှာ ကုသမှုခံယုနေတယ်လို့ အဲ့ဒီပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။
“လက်နက်ကြီးသံကြားပြီး မကြာဘူး ရုံးကိုဖုန်းဆက် အကူအညီတောင်းလာတာပေါ့၊ ခြေထောက်နဲ့ လက်ဖျံတွေမှာ ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံပို့ပေးထားရတယ်၊ အခုတော့ စိုးရိမ်စရာမရှိတော့ပါဘူး” လို့ သူကပြောပါတယ်။
အခုလို လူနေကျေးရွာထဲ လက်နက်ကြီးကျလာပေမယ့် မနေ့က လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ အနီးတဝိုက်ကျေးရွာတွေကို ဒေသတွင်းအခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ မကြာမကြာ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေကဆိုပြီး မနေ့ညကပစ်ခတ်မှုကိုလည်း စစ်ကောင်စီဘက်က ပစ်တာဖြစ်တယ်လို့ ပြောကြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့ တိုက်ပွဲတွေပြင်းထန်လေ့ရှိတဲ့ ကရင်နီ (ကယား) ဒေသတွင်းမြို့နယ်တွေမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ လူနေရပ်ကွက်၊ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲလို့ အရပ်သားထိခိုက် သေဆုံးမှုတွေလည်း မကြာမကြာ ရှိနေတာပါ။
လွိုင်ကော်မြို့မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြို့နယ်အတွင်း ကျေးရွာတွေထဲ လက်နက်ကြီးကျပေါက်ကွဲလို့ အရပ်သား သေဆုံးထိခိုက်တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ရှိခဲ့ပါတယ်။
လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ နမ့်ဘော်ဝမ် (ခ) ရပ်ကွက်၊ ဧက ၅၀၀ ရပ်ကွက်နဲ့ ရေနီကန် ကျေးရွာတွေထဲ အောက်တိုဘာလဆန်းပိုင်းက လက်နက်ကြီးကျည်ကျပေါက်ကွဲလို့ တဦးသေဆုံးသလို ဆယ်နှစ်အောက် ကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ နောက်ဆုံးပတ်ကလည်း လွိုင်ကော်မြို့နယ် ပီကင်းကောခူ ကျေးရွာထဲ အလားတူ လက်နက်ကြီးကျည်ကျလို့ ခုနစ်အရွယ်ကလေးတဦး သေဆုံးပြီး လေးဦးပြင်းထန်ဒဏ်ရာတွေ ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းကလည်း ကုန်းဆွတ်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျပြီး နှစ်နှစ် အရွယ်ကလေး အပါအဝင် လေးဦးဒဏ်ရာတွေ ရခဲ့ကြပါတယ်။