စစ်ကောင်စီကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်တွေလုပ်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

လာမယ့်နှစ်အတွင်း ပီပြင်ပြတ်သားတဲ့ နိုင်ငံရေးရလဒ်တခု ပေါ်ထွက်လာအောင် ကြိုးစားဖို့လိုသလို စစ်ရေးအရလည်း စစ်ကောင်စီကို အရှိုက်ကိုင်လှုပ်နိုင်မယ့် ထိုးစစ်လုပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအစည်းအဝေးမှာ သမ္မတဒူဝါလရှီးလက မိန့်ခွန်းပြောရာမှာ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ အဓိကထားပြောခဲ့ပြီး ထိုးစစ်တွေလုပ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

“စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့်အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်၊ ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘူး၊ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရလိမ့်မယ်လို့ ယူဆပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

ပိုမိုပီပြင်တဲ့ စစ်ရေးရလဒ်တွေ ထွက်လာဖို့အတွက် စစ်ရေးအရ ထောက်ပို့ရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေးတွေဟာ အလွန်အရေးကြီးတဲ့ အကြောင်းလည်း သူကထည့်ပြောပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ပီပြင်ပြတ်သားတဲ့ နိုင်ငံရေးရလဒ်တခု ထပ်ရအောင် ကြိုးစားဖို့လိုပြီး အဲ့ဒီရလဒ်ဟာ လူထုယုံကြည်မှုရဖို့ တခုတည်းအတွက်မဟုတ်ဘဲ ဖက်ဒရယ်နိုင်ငံတခု ဖြစ်ထွန်းလာဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် ဖြစ်လာဖို့လည်း ရည်ရွယ်တယ်လို့ သူကဆိုပါတယ်။

NUG အစိုးရက နိုင်ငံရေး တပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ အတိုင်းအတာတခုအထိ ပြီးမြောက် အောင်မြင်တယ်လို့ ယာယီသမ္မတကပြောသလို နွေဦးတော်လှန်ရေး အောင်ပွဲအရပ်ရပ်ဟာ တော်လှန်ရေး အင်အားစုအားလုံးရဲ့အောင်ပွဲဖြစ်တယ်လို့လည်း ထည့်ပြောပါတယ်။

“တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ / အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ် မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်၊ ဒါဟာ ဝမ်းသာစရာ / ပီတိဖြစ်စရာ ဖြစ်ပါတယ်။ ဒီလိုခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီးအရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်” လို့ သမ္မတဒူဝါလရှီးလက ဆိုပါတယ်။