စစ်ကောင်စီလက်အောက်မှာ ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုဆိုးလာ

စစ်ကောင်စီလက်အောက် အကျဉ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုဆိုးလာနေပြီး ထောင်ဝင်စာ ပို့ဖို့အတွက်လည်း အခက်အခဲတွေ အရင်ထက် တိုးလာတယ်လို့ အကျဉ်းထောင်နဲ့ ဆက်နွယ်နေတဲ့ သတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။

“ထောင်ထဲမှာ အကြမ်းဖက်တာတွေ လုပ်တယ်ဆိုတာက ထောင်မှူးတွေ ထောင်ပိုင်တွေနဲ့ဆိုင်တယ်၊အခုက ရိုက်နှက်တယ်ဆိုတဲ့ သတင်းတွေ ပြန်ကြားရတယ်၊ တချို့ဆိုရင် ဒဏ်ရာပြင်းတယ် အရိုးတွေကျိုးကြေကုန်တယ် ဆိုတာမျိုးတွေ သိရတယ်၊ အင်းစိန်တင်မကဘူး သာယာဝတီနဲ့ မုံရွာက ထောင်တွေမှာပါ ဒီသတင်းတွေ ကြားနေရတယ် ” လို့ နိုင်ငံရေးအမှုတွေကို အခမဲ့လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဉီးက ပြောပါတယ်။

အင်းစိန်ထောင် အပါအဝင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတချို့ကလည်း DNA ကို ဆက်သွယ်သတင်းပေးပို့ထားတာတွေ ရှိပါတယ်။

“အင်းစိန်ထောင်မှာကလည်း ဗုံးပေါက်ပြီးကတည်းက ထောင်ဝင်စာပို့ရတာ တော်တော်ကြပ်တယ်၊ စစ်ဆေးရေးလည်းကြမ်းတယ်၊ နှစ်ပတ်တခါ ထောင်ဝင်စာပို့တယ်ဆိုပေမယ့် အမြဲတမ်းတွေ့လို့ရတာမျိုး မဟုတ်ဘူး၊ တွေ့ချင်ရင် ပိုက်ဆံသပ်သပ် ပေးရသေးတယ် ” လို့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့တယ်လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထောင်ချထားတဲ့ အကျဉ်းသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

အင်းစိန်ထောင်မှာ လက်ရှိထောင်ဝင်စာပေးပို့ရာမှာ ခန္ဓာကိုယ်အနှံ့ အသေးစိတ် စစ်ဆေးမှုတွေရှိပြီး ပစ္စည်း အမျိုးအစား များများပေးပို့ဖို့ ကန့်သတ်ခံရတဲ့အပြင် ထောင်ဝင်စာတန်းစီသူများတာကြောင့် အချိန်အလွန်ကြာအောင် စောင့်ဆိုင်းရတာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ထောာင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်တဲ့ အကြမ်းဖက် နှိပ်စက်မှုတွေ လုပ်လေ့ရှိတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းရှာ ရိုက်နှက်နှိပ်စက်တာ၊ ဆေးကုသခွင့်မပေးတာ၊ လိင်အကြမ်းဖက်မှုကျူးလွန်တာ စတာတွေအပါအဝင် လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးမရအောင် ပိတ်ပင်တာတွေရှိနေတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ထောင်တွင်းအကြမ်းဖက်မှုတွေကြောင့် အကျဉ်းသားတချို့ ထောင်တွင်းမှာပဲ သေဆုံးရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပြီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်တဲ့အပေါ် မကျေနပ်လို့ ထောင်တွင်း ဆူပူဆန္ဒပြမှုတွေလည်း ရှိနေတာပါ။

အခုလဆန်းပိုင်က အင်းစိန်ထောင်မှာ ထောင်ပိုင်ကို “ညီလေး” လို့ ခေါ်ဝေါ်နှုတ်ဆက်မိတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသတိုး (ခ) ကိုဝင်းထွဋ်ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်လို့ လက်ကျိုးသွားတဲ့အပြင် ဦးခေါင်းသွေးခဲဒဏ်ရာလည်းရကာ မေ့မျောသွားလို့ ဆေးကုသမှုခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းခံရတာ၊ ဆေးကုသခွင့်မရတာတွေကြောင့် အကျဉ်းထောင်အတွင်း သေဆုံးသူ ခြောက်ဦးထက်မနည်းရှိပြီး အဲ့ဒီသေဆုံးမှုတွေအတွက် စစ်ကောင်စီက စုံစမ်းစစ်ဆေးတာ အရေးယူတာမရှိဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က အခုနှစ်စက်တင်ဘာလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲစခန်း၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲ သေဆုံးသူ ၇၂ ဦးထက်မနည်း ရှိတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကို ကိုးကားပြီး အဲ့ဒီအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဲ့ကျဉ်းသားတွေ ထောင်တွင်းမှာ သေဆုံးရမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီမှာ တာဝန်ရှိကြောင်းနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေ အစိုးရတွေအနေနဲ့ ဒါတွေကို အဆုံးသတ်ဖို့ စစ်ကောင်စီကို ဖိအားပေးသင့်ကြောင်း HRW က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ လူဦးရေ (၁၆၆၀၀) ဦးကို ဖမ်းဆီးခဲ့ပြီး ဒီကနေ့အထိ (၁၃၁၂၄ )ဦး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။