ကော်ဘရာစစ်ကြောင်းကို NUG က သေနတ် အလက်ငါးဆယ်ပေး

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ပြီး သေနတ်အလက် (၅၀) ပေးခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်က ဒီဇင်ဘာ (၂၅) ရက်က ပြုလုပ်တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲမှာ တောင်ပိုင်းစစ်ဒေသဆီပေးမယ့် လက်နက်တွေထဲက အလက် (၅၀) ကို ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးဆီ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်သင်တန်းဆင်းပွဲမှာ NUG ဝန်ကြီးချုပ်က အစိုးရရဲ့ တစ်နှစ်စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ သံခင်းတမန်ခင်း ချိတ်ဆက်ထားနိုင်မှု၊ တပြည်လုံးအတိုင်းအတာအရ တိုင်းရင်းသားမဟာမိတ်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းပြီး စစ်ဆင်ရေး အသာစီးရယူဆောင်ရွက်ထားနိုင်မှုတို့ကို ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်ဘရာစစ်ကြောင်းကို NUG က လက်နက်တွေပေးတယ်ဆိုတာနဲ့ ပတ်သက်လို့ အဲ့ဒီစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူဆီ DNA ကဆက်သွယ်မေးမြန်းပေမယ့် လတ်တလောမှာ အသေးစိတ်အခြေအနေတွေကို မဖြေနိုင်သေးဘူးလို့ ပြောပါတယ်။

ကော်ဘရာစစ်ကြောင်းဟာ နွေဦးတော်လှန်ရေးကာလအတွင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ လူသိများ ထင်ရှားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တခု ဖြစ်ပါတယ်။ အဲ့ဒီစစ်ကြောင်းကို KNU လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ဗိုလ်ကြီးဒါဘောက ဦးဆောင်နေတာဖြစ်ပြီး မြဝတီ-ဝေါလေဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေကို လနဲ့ချီ အခက်တွေ့စေခဲ့ပါတယ်။

မနေ့က ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က NLD အမတ် ဒေါ်ဖြူဖြူသင်းလည်း တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နဲ့ ဒေါ်ဖြူဖြူသင်းတို့က သင်တန်းဆင်း တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုငွေကျပ်ဆယ်သိန်း ပေးခဲ့တယ်လို့လည်း သိရပါတယ်။
