စစ်တပ်ဖမ်းသွားတဲ့ အင်းတော် ဒေသခံရှစ်ဦး အလောင်းတွေပြန်ရှာတွေ့

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်တပ်က ဖမ်းခေါ်သွားတဲ့ နတ်မဟုတ်ကြီးရွာခံရှစ်ဦးရဲ့ ရုပ်အ လောင်းတွေကို ဒီကနေ့ ဒီဇင်ဘာ (၂၅) ရက်မှာ ပြန်လည်တူးဖော်တွေ့ရှိတယ်လို့ အဲ့ဒီမြို့က တော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ Indaw Revolution (IR) က ထုတ်ပြန်ပါတယ်။

ဒီကနေ့မှာ ပြန်တွေ့ရတဲ့ ရုပ်အလောင်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၈) ရက်မှာ စစ်တပ်က နတ်မဟုတ်ကြီးရွာကနေ လာဖမ်းခေါ်သွားတဲ့ ရွာခံတွေဖြစ်တယ်လို့ သိရပါတယ်။

တူးဖော်တွေ့ရှိရတဲ့ ရုပ်အလောင်းအနေအထားတွေအရ အဲ့ဒီဒေသခံရှစ်ဦးဟာ ဖမ်းဆီးခံရတဲ့ နေ့တွင်း ချင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်း သတ်ဖြတ်ခံထားရတာ ဖြစ်နိုင်တယ်လို့ Indaw Revolution အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျွန်တော်တို့က သူတို့ကို အဆက်အသွယ်မရဘူးလေနော်၊ သူတို့ သေပြီးလားရှင်ပြီးလားလည်း မသိ ဘူး၊ အခုအလောင်းဖော်ကြည့်တော့ အလောင်းတွေက တော်တော်လေးကို ပုတ်နေပြီး တချို့ဟာ တွေဆို အရိုးပဲကျန်တော့တယ်” လို့ သူက ပြောပါတယ်။

ရုပ်အလောင်းရှစ်အလောင်းထဲက နှစ်လောင်းဟာ ခေါင်းဖြတ်သတ်ခံထားရတဲ့ လက္ခဏာတွေ့ရပြီး ကျန်တဲ့ခြောက်ဦးကတော့ တုတ်နဲ့ရိုက်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီရုပ်အလောင်းတွေကို နတ်မဟုတ်ကြီးရွာတောင်ဘက် နှစ်မိုင်ဝန်းကျင်အကွာက ကမ်းနီရွာနားမှာ မြေမြှုပ်ဖျောက်ဖျက်ခဲ့ပြီး ပြန်လည်ရှာဖွေ တူးဖော်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်မြို့ဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု အားကောင်းတဲ့ ဒေသတခုဖြစ်ပြီး KIA တပ်ဖွဲ့တွေနဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တပ်တွေ လှုပ်ရှားမှုရှိကာ တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။

နတ်မဟုတ်ကြီးရွာကတော့ အင်းတော်မြို့ရဲ့တောင်ဘက်သုံးမိုင်နီးပါး အကွာမှာရှိပြီး အဲ့ဒီရွာတွေ ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးတပ်စွဲတာတွေ လုပ်လေ့ရှိပါတယ်။

စစ်ကောင်စီတပ်က အခုနှစ် ဇူလိုင်လအတွင်း နတ်မဟုတ်ကြီးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်ခဲ့ချိန်မှာ ရွာခံတွေကို ဖမ်းဆီးထားခဲ့ဖူးသလို ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၇) ရက်ကလည်း အဲ့ဒီရွာထဲစစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ခဲ့သလို ရွာခံရှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

အဲ့ဒီလို ဖမ်းဆီးခံရပြီး တလနီးပါးအကြာ ဒီကနေ့မှာ နတ်မဟုတ်ကြီးရွာခံတွေဖြစ်တဲ့ ဦးမင်းနိုင်၊ ဦးကျော်သန်း၊ ဦးဘိုဘိုဝေ၊ ဦးကျော်ဌေး၊ ဦးကျော်ထွန်း၊ ဦးထွန်းနိုင်၊ ဦးမြင့်ဖေနဲ့ ဦးသာပြူးတို့ရဲ့ ရုပ်အ လောင်းတွေကို ပြန်ရှာတွေ့ကြရတာပါ။

သေဆုံးသူတွေထဲ သက်ကြီးအမျိုးသား အများစုပါဝင်ပြီး အငယ်ဆုံးဖြစ်တဲ့ ဦးဘိုဘိုဝေက (၃၃) နှစ်နဲ့ ဦးထွန်းနိုင် (၃၈) နှစ်တို့ကလွဲလို့ ကျန်ခြောက်ဦးဟာ အသက် ၅၀ ကနေ ၆၈ နှစ်အထိရှိသူတွေ ဖြစ်ပါတယ်။

အဲ့ဒီ ဒေသခံအမျိုးသားတွေဟာ တော်လှန်ရေးလုပ်သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီသတင်းပေးက စစ်တပ်ကိုတိုင်ကြားလို့ လာရောက်ဖမ်းဆီး သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ Indaw Revolution (IR) အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အခုဖြစ်စဉ်မတိုင်ခင်မှာလည်း စစ်တပ်က အခုလိုပဲ ဒေသခံတချို့ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် တွေရှိပြီး လူငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုသီတင်းပတ်အတွင်းမှာလည်း စစ်တပ်က အင်အားတရာဝန်းကျင်ပါ စစ်ကြောင်းဟာ ထီးချိုင့်မြို့ ဘက်ကနေ အင်းတော်မြို့နယ်ထဲဝင်လာပြီး စစ်ကြောင်းထိုးတာ၊ နေအိမ်မီးရှို့တာတွေလုပ်နေလို့ ဒေ သခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လူနေအိမ်တွေနဲ့ ရိက္ခာသိုလှောင်ရာ စပါးတိုက်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။