မွန်ပြည်နယ်မှာ စစ်တပ်က ပြည်သူ့စစ်သင်တန်း စပေးနေ

မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက အတင်းအကျပ်ဖိအားပေးကာ အရပ်သားတွေပါဝင်တဲ့ ပြည် သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပြီးနောက် စစ်ဘက်ဆိုင်ရာ သင်တန်းစတင်ပေးနေပြီးလို့ သင်တန်းတက်ရောက်ခဲ့သူတချို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ နိုင်ငံတဝန်းမှာ စစ်အုပ်စုထောက်ခံသူနဲ့ အရပ်သားတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့မတ်လကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်မှာလည်း စာရင်းကောက်ယူတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီညွှန်ကြားချက်ကြောင့် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဦးဆောင်မှုနဲ့ စစ်ဘက်အရပ်ဘက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ မြို့နယ်အသီးသီးကို ကွင်းဆင်းစည်းရုံးတာတွေ လုပ်ခဲ့ပါတယ်။

လက်ရှိ အဲဒီပြည်သူ့လုံခြုံရေးအဖွဲ့ထဲမှာ စာရင်းပေးထားသူ (၃၀၀) နီးပါးရှိနေပြီး အဲဒီပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေကို အုပ်စုခြောက်အုပ်စုခွဲပြီး ပေါင်မြို့နယ်က အမြောက်တပ်မှာ စစ်ဘက်ဆိုင်ရာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်း သင်တန်းတွေကို အခုလတတိယအပတ်ထဲမှာ စတင်ပို့ချနေပြီလို့ အဲ့ဒီသင်တန်းတက်ရောက်ခဲ့သူနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

“အရပ်သားလည်း ပါတယ်၊ ပြည်သူ့စစ်၊ အရန်မီးသတ်၊ စစ်မှုထမ်းဟောင်း၊ စစ်အုပ်စုထောက်ခံသူ တွေ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေကအစ ပါတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီသင်တန်းကို ပေါင်မြို့နယ် အမြောက်တပ်အပါအဝင် ပြည်နယ်အတွင်းက တခြားတပ်ရင်းတွေက လည်း သင်တန်းပို့ချသွားဖို့ရှိပြီး သင်တန်းကာလ တလနီးပါး ကြာမြင့်မှာဖြစ်တယ်လို့ သူကဆိုပါ တယ်။

သင်တန်းတက်ရောက်ပြီးပါက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ သက်ဆိုင်ရာမြို့နယ်မှာ လုံခြုံရေး တာဝန်ယူပေးရမှာ ဖြစ်သလို လိုအပ်လာရင်မွန် ပြည်နယ်အတွင်းက ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေဘက်ကိုလည်း သွားရောက်တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် သင်တန်းပြီးလို့ အလုပ်တာဝန် စတင်ထမ်းဆောင်ပါက လစာငွေတွေအပြင် ဥယာဉ်ခြံမြေခံစားခွင့်လည်းရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး အများဆုံးကတော့ ရေး၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထို မြို့နယ်တို့ ဖြစ်ကြပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနေတာကြောင့် တပ်ဖွဲ့ဝင်အင်အားလို အပ်ချက်ရှိလာလို့ ပြည်သူ့လုံခြုံရေးအဖွဲ့လို့ စစ်တပ်က နာမည်ပေးထားတဲ့ အဖွဲ့တွေ စတင်လည်ပတ်နိုင်အောင် လုပ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။