ကမ္ဘောဇတိုင်းမ်းသတင်းဌာန အယ်ဒီတာချုပ်ကိုစစ်တပ်ကဖမ်းဆီး

ကမ္ဘောဇတိုင်းမ်းသတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျာကို ဒီနေ့ ဒီဇင်ဘာ ၂၅ရက်မနက်အစောပိုင်းမှာ ကြိုပင်ကောက်မြို့က နေအိမ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားတွေက လာရောက်ဖမ်းသွားတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

 

“သူအဖမ်းခံရတဲ့အချိန်မှာ ကြိုပင်ကောက်အိမ်မှာ ရှိနေတာပါ။ မနက် (၃)နာရီ လောက်က စစ်တပ်နဲ့ ရဲတွေ လာဖမ်းသွားတယ်လို့ပဲ သိပါတယ်။ ဖမ်းဆီးချင်း မနက် (၃)နာရီလောက်ကတော့ ကြိုပင်ကောက် ရဲစခန်းကနေ အခုထိ စစ်ကြောရေး လုပ်နေတာပေါ့။ ခုကတော့ အုတ်ဖိုက စရဖတွေ လာခေါ်သွားတယ်လို့ သိရပါတယ်” လို့ သူ့ရဲ့ ကမ္ဘောဇတိုင်းမ်းသတင်းဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။

 

 လက်ရှိမှာ ဦးကျော်ဇေယျာကို စစ်ကောင်စီက ပုဒ်မ- ၅၀၅ နဲ့ ဖမ်းဆီး စစ်ဆေးနေပြီး စစ်တပ်ရဲ့ စစ်ကြောရေးထဲ ရောက်နေတယ်လို့ အဆိုပါ လုပ်ဖော်ကိုင်ဖက်တစ်ဦးက DNA ကို ပြောပါတယ်။

 

“ဖမ်းဆီးတာတွေ၊ ထောင်ကျတာတွေတော့ မစိုးရိမ်ပါဘူး။ သူတို့ စစ်ကြောရေးမှာ ခြေလွန်၊ လက်လွန်တွေ လုပ်ပစ်မှာကိုတော့ စိုးရိမ်မိပါတယ်”လို့ သူက ဆိုပါတယ်။

 

 စစ်ကောင်စီက ကမ္ဘောဇတိုင်းမ်းသတင်းဌာနရဲ့ ထုတ်ဝေသူ နဲ့ အယ်ဒီတာအဖွဲ့ဝင်တွေကို ၂၀၂၁ ခုနှစ်မတ်လကတည်းက  ပုဒ်မ-၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်ဇေယျာက တိမ်းရှောင်နေရင်း အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။

 

စစ်တပ်ရဲ့ ဖမ်းဝရမ်းအထုတ်ခံရပြီးနောက် ၂၀၂၁ ခုနှစ် မတ်လထဲမှာ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ ဦးကျော်ဇေယျရဲ့ အမျိုးသမီး တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်နဲ့ မောင်ဖြစ်သူ စိုင်းစည်သူ နဲ့ သတင်းထောက် နန်းဝင်းရီတို့ အဖမ်းခံခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလထဲမှာ ဖမ်းဆီးခံရသူတွေကို နိုင်ငံတော်ဆူပူမှုနဲ့စွပ်စွဲပြီး ညောင်ရွှေအကျဉ်းထောင်အထူးတရားရုံးက ထောင် ၃နှစ်ချခဲ့ပါတယ်။၂၀၂၂ခုမှစ် နိုဝင်ဘာလထဲမှာတော့ ၄ဦးလုံးပြန်လွတ်မြောက်လာပြီး အခုတခါထပ်ပြီး ကမ္ဘောဇတိုင်းမ်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျာကိုထပ်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် အခုချိန်အထိ သတင်းသမားပေါင်း ၁၅၀ထက်မနည်းဖမ်းဆီးခံခဲ့ရပြီးလက်ရှိအချိန်ထိသတင်းသမား ၆၀ ဝန်းကျင်လောက်ကတော့ အကျဉ်းထောင်တွေထဲမှာဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

 

အခု ၂၀၂၂ဒီဇင်ဘာလထဲမှာတော့  သတင်းသမား ၆ဦးကို စစ်တပ်က ထောင်ဒဏ်တွေထပ်ချမှတ်ထားပြီးသတင်းသမားအများစုကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားပါတယ်။