ကန့်ဘလူမှာအမျိုးသမီးတွေပါ ပျူသင်တန်းတက်ဖို့ စစ်တပ်ထောက်ခံဘုန်းကြီး ဖိအားပေးနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေကို ပျူသတင်းတွေ တက်ရောက်ဖို့ ခြိမ်းခြောက်ဖိအားပေးတာတွေရှိနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
ဒီကနေ့ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ပျူစောထီးခေါင်းဆောင် ဖြစ်တဲ့ ဘုန်းတော်ကြီး ဦးဝါသဝ ကာဘိုးရွာရှိ ဒေသခံတွေ အနေနဲ့ တစ်အိမ်တစ်ယောက် ပျူသင်တန်း တက်ရောက်ဖို့ ကိုယ်တိုင် ရွာသို့ လာရောက်ပြီးဖိအားပေး နေတယ်လို့ ဆိုပါတယ်။
” သူတို့ အားကောင်းတဲ့ ရွာတွေအနီးနားတွေဆိုရင် တော့ ပျူသင်တန်းတက်ဖို့ဖိအားပေးတာတွေရှိတယ်။ မသွားတဲ့လူတွေလည်းရှိတယ်။ သွားတက်လိုက်ရင်လည်း ဒီဖက် PDF ကိုလည်း ကြောက်ရတယ်လေ။ ကျနော်တို့ဖက်ကတော့ ကိုယ်ရွာကိုပဲ အုပ်ချူပ်နေတာပေါ့ ” လို့ ကန့်ဘလူမြို့ ဒေသခံ တဦးကပြောပါတယ်။
လက်ရှိမှာတော့ ကာဘိုးတရွာလုံးကို အစည်းအဝေး တက်ဖို့ ဖိအားပေးခိုင်းပြီး တအိမ်တစ်ယောက် ပျူသင်တန်း တက်ဖို့ နဲ့ အမျိုးသားမရှိတဲ့ အိမ်တွေမှာဆိုရင် အမျိုးသမီးတွေကိုသင်တန်းတက်ဖို့ ဖိအားပေးနေပြီး ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ပျူသင်တန်း မတက်ရောက်တဲ့နေအိမ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF ထောက်ခံသူတွေအဖြစ် သတ်မှတ်ပြီး နေအိမ်အား မီးရှို့ဖျက်ဆီးမည်ဟုလည်း အကြပ်ကိုင်နေတယ်လို့ လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
အခုလိုဒေသခံတွေကိုဖိအားပေးနေတဲ့ ဦးဝါသဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ – မဘသ ရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်သလို စစ်ကောင်စီလက်အောက်ခံ ပျူသောထီးအဖွဲ့ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်တယ်လို့ဆိုကြပါတယ်။
သူက စစ်တပ်နဲ့ ပူးပေါင်းပြီး ပျူသင်တန်းတွေကို ကျေးရွာတွေမှာ အတင်းအကျပ်ပေးနေပြီး အဲဒီသင်တန်းဆင်းတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့နေရာတွေမှာ ပူးပေါင်းပါဝင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။