ခြေဥပြင်ရေးဆွေးနွေးဖို့ စစ်ကောင်စီဖိတ်ခေါ်မှု အပစ်ရပ်ခုနစ်ဖွဲ့ ငြင်းဆို

အာဏာသိမ်းစစ်ကောင်စီက အပစ်ရပ် EAOs ခုနစ်ဖွဲ့ကို အခြေခံဥပဒေပြင်ဆင်ဖို့ ခေါင်းစဥ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် တွေ့ဖို့ငြင်းလိုက်တယ်လို့ အပစ်ရပ် ခုနစ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က DNA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အပစ်ရပ်စာချုပ် လက် မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (NCA-EAOs) ရဲ့ ဥက္ကဌတွေဆီ တွေ့ဆုံဆွေးနွေး ကြဖို့ဒီဇင်ဘာလ ၁၉ ရက်နေ့စွဲနဲ့ စာပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး NCA- EAOs (၇) ဖွဲ့ ဆွေးနွေးချက်တွေအရ နှစ်ကူးခရစ္စမတ်အချိန် ဖြစ် နေတာ၊ EAOs ခေါင်းဆောင်တချို့ရဲ့ ကျန်းမာရေး အခြေအနေစတာတွေအပြင် ငြိမ်းချမ်းရေးဆွေး နွေးပွဲကို တဘက်တည်းက ချမှတ်ထားတဲ့ပုံစံနဲ့ ဆွေးနွေးရတာဟာ အခက်အခဲရှိလို့ မတက်ရောက် နိုင်တဲ့အကြောင်း မနေ့က ဒီဇင်ဘာ၂၃ ရက်မှာ အကြောင်းပြန်လိုက်တယ်လို့ ဗိုလ်မှူးကြီး စောကျော် ညွန့်က ပြောပါတယ်။

“အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှု မဖြတ်သန်းပဲနဲ့ တစ်ဖက်က ခေါ်ယူတဲ့ အခင်းအကျင်းပေါ်မှာပဲ လိုက်ပါဆောင်ရွက်နေရတဲ့ အခင်းအကျင်းကြောင့် ဒီငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို ကမ်းလှမ်းတဲ့ အပေါ်မှာ အလွတ်သဘော တွေ့ဆုံရန် နည်းကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်လို့ရအောင် ကြိုးပမ်းဖို့ မနေ့ကပဲ စာပြန်ထားပါတယ်” လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ကြားမှုမှာ ၂၀၀၈ အခြေခံဥပဒေထဲ တိုင်းရင်းသားတွေဘက်က ပြင်ဆင်ချင်တဲ့ အချက်ကို ညှိနှိုင်းဆွေးနွေးဖို့နဲ့ တိုင်းရင်းသားတွေဘက်က သီးခြားဆွေးနွေးလိုတဲ့ အကြောင်းအရာ ကို ဆွေးနွေးဖို့ဆိုပြီး ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အပစ်ရပ် ခုနစ်ဖွဲ့ဘက်ကတော့ တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေ မတိုင်ခင် အလွတ်သဘော ဆွေးနွေးလိုနေပြီး အခုလအတွင်းမှာပဲ စစ်ကောင်စီကို အလွတ်သဘောတွေ့ဖို့ ဖိတ်ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံထဲက တိုင်ရင်းသားတွေ ပြင်ဆင်ချင်တဲ့အချက်က ကျနော်တို့ (၇) ဖွဲ့ထဲနဲ့ တနိုင်ငံလုံး လွှမ်းခြုံမဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းဖို့က စိန်ခေါ်မှု ကြီးကြီးမားမားလည်း ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုပါတယ်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကတစဆင့် သွားနိုင်မဲ့ အချိန်နဲ့ ရလဒ်အပေါ်မူတည်ပြီးမှ စစ် ကောင်စီရဲ့ ကမ်းလှမ်းမှုဖြစ်တဲ့ တရားဝင် တွေ့ဆုံညှိနှိုင်းမှု လုပ်နိုင်မယ်လို့လည်း သူကပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ စတင်ခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးမှုဟာ NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့အထိပါဝင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် NCA ကို ဆက်လက်အသိအမှတ်ပြုနေတဲ့ အဖွဲ့ (၇) ဖွဲ့သာ ကျန်နေ တော့တာပါ။

အဲ့ဒီခုနစ်ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ပါဝင်ပါတယ်။