ကလေးမြို့နယ်အရှေ့ပိုင်း ပေါက်ခုံကျေးရွာနဲ့ ထိုမာကျေးရွာကြားမှာ အင်အား (၇၀) ဝန်းကျင်ပါ စစ် ကောင်စီစစ်ကြောင်း ဒီဇင်ဘာ(၂၃) ရက် နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကံပုလဲကျေးရွာကနေ ကလေးနည်းပညာတက္ကသိုလ်ဘက်ကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အသင့်တပ်ဆင်ထားတဲ့မိုင်း (၃) လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မူကြောင့် စစ်ကောင်စီစစ်သား (၇) ဦးဒဏ်ရာရရှိခဲ့တယ်လို့ PDF Kalay က ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းဟာ ကလေးမြို့အရှေ့ တောင်ပိုင်းကျေးရွာတွေဘက်ကို လှည့်ပတ်စစ်ကြောင်းထိုးနေတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့လည်း ဆက်တိုက်ကြုံနေရတာဖြစ်ပါတယ်။
“ မနေ့ကရော တနေ့ကရော ကလေးတွေ (PDF တွေ) က ရွာမှာဝင်ပစ်တယ်၊ မနေ့ကလမ်းမှာ မိုင်းဆွဲ တယ်၊ ကျွန်တော်တို့ရှောင်နေတဲ့နေရာနဲ့က ဝေးတော့ အသံပဲကြားရတယ်၊ ရွာကလူတွေလည်း ရှောင်ကြတယ်၊ တချို့ပဲပြန်ကြသေးတယ်၊ ရွာထဲအိမ်တွေက ပစ္စည်းတွေကို စခတွေယူသွားကြတယ်၊တချို့ဘာမှမကျန်ခဲ့တဲ့ အိမ်တောင်ရှိတယ် ” လို့ ပေါက်ခုံကျေးရွာအနီးဝန်းကျင်က ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၂ ရက်မှာ ရေလဲဦးပေါက်ခုံရွာဘက်ကို ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်း ကျေးရွာအတွင်းမှာရှိနေစဉ် ဒေသခံကာကွယ်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုဝင်တဦးက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်အတွင်း နှစ် ဘက်ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။
အဲ့ဒီနေ့ညပိုင်းမှာ ကလေးမြို့ဘက်ကနေ လူနာတင်ယာဉ်တစီး နည်းပညာတက္ကသိုလ်ဘက်ကိုလာ ပြီး ပြန်သွားတာဟာ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ စစ်သားတွေကို လာရောက်သယ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။