ငါ့သရောက်မြို့ လျှပ်စစ်ရုံးစီးနင်းခံရပြီး သေနတ်တလက် သိမ်းဆည်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့အနီးက ငါ့သရောက်မြို့ လျှပ်စစ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ Bagan OGRE FORCE က ထုတ်ပြန်ပါတယ်။

အဲ့ဒီလျှပ်စစ်ရုံးကိုမနေ့က ဒီဇင်ဘာ (၂၃) ရက် ညနေခြောက်နာရီလောက်မှာ ညောင်ဦးခရိုင် PDF တပ်ရင်း (၅) က ဦးဆောင်ပြီး နဂါးနီပျောက်ကြားတပ်ဖွဲ့နဲ့ တခြားမဟာမိတ်အဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

PDF အဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာ ရရှိအောင် မ လုပ်ခဲ့ဘဲ ပြည်သူနဲ့အတူပူးပေါင်းဖို့ စစ်ကောင်စီအလိုကျ လျှပ်စစ်မီးတာခတွေကို အတင်းအဓမ္မ ကောက်ခံခြင်းမလုပ်ကြဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလျှပ်စစ်ရုံးမှာရှိတဲ့ အူဇီသေနတ်တလက် အပါအဝင် ဖုန်း ၆ လုံး လပ်တော့တလုံးနဲ့ တခြားပစ္စည်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“သေနတ်ကို အသာတကြည်ပဲ ထည့်ပေးလိုက်တာပါ၊ အဖွဲ့တွေလည်း လုံခြုံတဲ့နေရာကို အေးအေးဆေးဆေးပဲ ပြန်ဆုတ်နိုင်ခဲ့တယ် ” လို့ အဲဒီအဖွဲ့နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

အဲ့ဒီ လျှပ်စစ်ရုံး စီးနင်းခံရမှုနဲ့ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“အဲဒီဘက်မှာ ဒီကနေ့ အစစ်ဆေးတွေရှိတယ်လို့တော့ပြောတယ်၊ ဖြစ်စဉ်ကိုတော့ ကြားတာပဲရှိတယ် သေချာမသိဘူး၊ အဲဒီမြို့က ညောင်ဦးဘက်ကဆိုရင် သီးသန့်သွားရတဲ့မြို့ပါ၊ လူလည်းပြတ်တယ်” လို့ ညောင်ဦးမြို့က အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

ငါ့သရောက်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၉) ရက်ကလည်း ဒေသကာကွယ်ရေးတပ်တွေက မြို့ မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်က စခန်းမှူး အပါအဝင် ၁၁ ဦးအထိ ကျ ဆုံးခဲ့သလို PDF ဖက်ကလည်း ကျောင်း သားလူငယ်တဦး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။