TNLA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်မှုနဲ့ ကာမလိမ်လည်မှု အများဆုံး အရေးယူနေရ

တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေမှာ အခုနှစ်အတွင်း တိုင်ကြား လာတဲ့ အမှုတွေထဲက (၁၄၀) နီးပါးကို စစ်ဆေးစီရင်နိုင်ခဲ့ပြီး မူးယစ်မှုနဲ့ ကာမလိမ်လည်မှုတွေက အ များဆုံးဖြစ်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

PSLF/ TNLA တရားစီရင်ရေးဌာနဆီ လက်ရှိ ၂၀၂၂ ခု နှစ်အတွင်း တိုင်ကြားလာတဲ့အမှုပေါင်း (၁၆၀) ကျော်ထဲက အမှုပေါင်း (၁၃၇) မှုကို တရားစီရင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တရားစီရင်ရေးဌာနက စီရင်ဆုံးဖြတ်ခဲ့တဲ့အမှုတွေထဲ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှု ၁၀၁ မှု၊ မု ဒိမ်းမှုနဲ့ ကာမလိမ်လည်မှု ၂၀ မှု၊ လူသတ်မှုနဲ့ အပြင်းအထန် နာကျင်စေမှု ၅ မှု၊ ခိုးဆိုးလုယက်မှု ၆ မှု၊ တရားမမှု ၃ မှု၊ ငွေကြေးလိမ်လည်မှု ၂ မှုတို့ ပါဝင်ပြီး ကျူးလွန်သူ ၁၃၇ ဦးကို ပြစ်ဒဏ်ပေး အရေးယူနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်လက်ရှိမှာ အမှု (၁၀) မှုကို ဝရမ်းထုတ်ထားပြီး ကျန်အမှုတွေမှာ တရားရင်ဆိုင်နေရဆဲ၊ စီရင် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးအဖွဲ့တွေလည်း ဖွဲ့စည်းဆောင်ရွက်နေတယ်၊ အဲလို ဆောင်ရွက်လာမှုနဲ့အတူ အောက်ခြေမှာ မှုခင်းပိုင်းတွေ၊ အထူးသဖြင့် ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ အမြဲတမ်းကြုံတွေ့နေရတဲ့ ပြသနာတွေ များလာတယ်၊ ဒါကြောင့် တရားစီရင်းရေး လုပ်ငန်းကို ဆောင်ရွက်ရတာဖြစ်တယ်” လို့ TNLA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

တရားစီရင်ရေးဌာနကို ဗဟိုတရားရုံးအပြင် ခရိုင်တရားရုံး (၅) ရုံး ဖွင့်လှစ်ထားပြီး ရုံးတိုင်းမှာ တရားသူကြီးတစ်ဦးစီ ထားရှိကာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်မှာ အမှုပေါင်း (၉၀) အနက် (၇၈) မှုကို စီရင်ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကကျင့်ထုံးကတော့ penal code (ပြစ်မှုဆိုင်ရာ ဥပဒေ) တွေ၊ ရာဇဝတ်ကျင့်ထုံးတွေအရ ဆောင်ရွက်တာဖြစ်တယ်၊ ကျန်တဲ့ဟာကတော့ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့ အဲဒါတွေအပေါ် အခြေခံပြီးတော့မှ တရားစီရင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တာဖြစ်တယ်” လို့ TNLA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

TNLA တရားစီရင်ရေးဌာနက စီရင်ဆုံးဖြတ်ခဲ့တဲ့ အမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချမှတ်မှုတွေကို ထုတ်ပြန်ခဲ့တာတွေလည်းရှိပြီး တချို့အမှုတွေကိုတော့ ဒေသတွင်း လူထုက လက်မခံဘဲ ဝေဖန်ကန့် ကွက်ကြတဲ့ ဖြစ်စဉ်တချို့လည်း ရှိခဲ့ပါတယ်။

အခုနှစ် စက်တင်ဘာလအတွင်း TNLA တရားစီရင်ရေးဌာနက သက်ငယ်မုဒိမ်းမှုကျူးလွန်တယ်လို့ စွပ်စွဲတိုင်ကြားခံရသူတဦးကို ထောင်လေးနှစ်နဲ့ ဒဏ်ငွေ ကျပ်သိန်းနှစ်ဆယ် ချမှတ်ခဲ့တဲ့အပေါ် ဒေသခံတွေက လွဲမှားစီရင်တာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြဖူးပါတယ်။

အဲ့ဒီလိုဝေဖန်မှုတချို့ရှိပေမယ့် TNLA ထိန်းချုပ်ဒေသတွေမှာ တရားစီရင်ရေးယန္တရား ကောင်း ကောင်းလည်ပတ်နိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“သူတို့ (TNLA) ထိန်းချုပ်မှု အောက်မှာရှိတယ် ပြောရမယ်၊ ရပိုင်ခွင့်တို့ ဘာတို့မှာ ကောင်းကောင်းလည်ပတ်နိုင်တယ်၊ တိုင်ကြားတတ်ဖို့ ပြောရဲဆိုရဲတတ်ဖို့ပဲ အရေးကြီးတာ သူတို့ကတော့ ဖွင့်ထားတယ်၊ ကိုယ်ဘာမရတာလည်း ဘာလိုအပ်ချက် ရှိသလဲ၊ ဒေသခံတွေ တင်ပြဖို့ပဲ လိုတာပါ” လို့ နမ့်ဆန်မြို့ ဒေသခံတဦးက ပြောပါတယ်။