ရှမ်းကယားနယ်စပ်က ဖယ်ခုံမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက စစ်တပ်ကလူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ ရွှေပြည်အေးရွာသား ၁၈ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး အခုဒီဇင်ဘာလထဲမှာ ထောင် ၃နှစ်စီချလိုက်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကပြောပါတယ်။
“အခုလိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခံရပြီးတော့ထောင်ချခံရတာသိထားလိုက်တယ်။ ပုဒ်မ ၅၂(က)နဲ့တရားစွဲခံရပြီးလွိုင်ကော်မြို့တောင်လေးလုံးအကျဥ်းထောင်တွင်းတရားရုံးကထောင်ဒဏ်ချမှတ်တာ”လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကတာဝန်ရှိသူကပြောပါတယ်။
အခုလိုရွာသားတွေဖမ်းဆီးထောင်ချခံရတဲ့ ဖယ်ခုံမြို့နယ်ရွှေပြည်အေးကျေးရွာဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ အခုနှစ် ဒီဇင်ဘာလအထိ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ဒေသခံကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလကတည်းက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေကို မကြာခဏလူသားဒိုင်းပြုလုပ်ဖမ်းဆီးတာတွေရှိနေပြီး ထောင်ချမှတ်ခံထားရတဲ့စာရင်းအတိအကျတော့ထုတ်ပြန်ဖို့ခက်နေတယ်လို့လည်း PKPF ကဆိုပါတယ်။
“တိုက်ပွဲဖြစ်နေရင်းနဲ့ဖမ်းဆီးခဲ့တာရှိခဲ့ပါတယ်။ထောင်ချတာတို့ကိုတော့မသိလိုက်ဘူး။သတင်းမလိုက်နိုင်ခဲ့ဘူး။အရင်ကလည်းဒီလိုတွေရှိခဲ့တယ်။တချို့အကြောင်းအရာတွေကကျွန်တော်တို့မသိလိုက်လို့လက်လွတ်လိုက်ရတာတွေလည်းရှိမှာပေါ့။ဒါကတော့ပထမဦးဆုံးအနေနဲ့ပြောနိုင်တယ်”လို့သူကဆိုပါတယ်။
တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့ဇန်နဝါရီလမှနိုဝင်ဘာလ အတွင်းလူသားဒိုင်းဖမ်းဆီးမှုတွေများစွာရှိခဲ့ပေမဲ့ယခုဒီဇင်ဘာလအတွင်းမှာတော့ တဖြေးဖြေး ” စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်ထဲက ဒေသခံ ၂၇၈ဦးကို စစ်ကောင်စီကဖမ်းဆီးထားသလို တချို့ကတော့ နိုင်ငံရေးပုဒ်မတွေအပါအဝင်အကြမ်းတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေတပ်စွပ်စွဲခံရပြီး ထောင်နှစ်ရှည်ချမှတ်ခံထားရတယ်လို့လည်းတိုးတက်သောကရင်နီပြည်သူ့အင်အားစုအဖွဲ့(PKPF)ထုတ်ပြန်ချက်အရသိရပါတယ်။