မန္တလေးကကျောင်းသားသုံးယောက်ကို စစ်တပ်က ထောင်အနှစ်နှစ်ဆယ်ကျော်ချ

မန္တလေးမြို့ ကဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တွေဖြစ်တဲ့ ကျောင်းသား ၃ ဦးကိုဒီကနေ့ဒီဇင်ဘာ၂၃ရက်မှာ အိုးဘိုအကျဉ်ထောင်တွင်း တရားရုံးကတဆင့် ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဗကသများအဖွဲ့ချုပ်၊ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူးမသီရိရတနာအပါဝင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုနဲ့ မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့(၃)ဦးကို စစ်အုပ်စုရဲ့ အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ်(၂၂)နှစ်စီ ချမှတ်ခဲ့တာပါ။
” ဒါဟ အမြင့်ဆုံးပြစ်ဒဏ်လို့ပြောလိုရပါတယ်။ တရားသူကြီးတွေကလည်း အကြမ်းဖက်နဲ့ စွဲတဲ့ ပုဒ်မတွေအတွက် အမြင့်ဆုံးပြစ်ဒဏ်ပေးရမယ့် ဆိုတဲ့ဖိအားတွေရှိနေတယ်။ အိုးဘိုထောင်တွင်းက တရားရုံးက အကြမ်းဖက်ပုဒ်မတွေဆို အခုလိုထောင်ဒဏ်နှစ်ရှည်တွေချနေတယ် ” လို့ တရားရေးနဲ့ နီးစပ်သူ တဦးက DNA ကိုပြောပါတယ်။
အဲဒီကျောင်းသား ၃ ဦးဟ ပြီးခဲ့တဲ့ ၂၀၂၂ မတ်လတုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်အုပ်စုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများနဲ့ တရားစွဲဆိုခဲ့တာပါ။
အဲဒီနောက် စွဲဆိုထားတဲ့ ပုဒ်မတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ညအတွက် ၁၅နှစ်၊ပုဒ်မ၅၂ကအတွက် ၇နှစ်ဆိုပြီး စုစုပေါင်းထောင်ဒဏ်၂၂နှစ်စီ ချမှတ်ခံခဲ့ရတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။
အခုလိုပုဒ်မတပ်စွပ်စွဲထောင်ချခံရတဲ့ ကျောင်းသား ၃ ဦးဟာ ကျောင်းသားထုအခွင့်အရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အစဥ်အမြဲ ဦးဆောင်ပါဝင်ခဲ့တဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်ကျောင်းသားရဲဘော်၄၀ ဝန်းကျင် ရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံခဲ့ရတဲ့ ဖမ်းဆီးခံ ဗကသကျောင်းသားရဲဘော်
တွေဟာထောင်အသီးသီးမှာ အဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေမှုများအတွက် ထောင်တွင်းတိုက်ပွဲများကို ဦးဆောင်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ကြသလို စစ်အုပ်စုရဲ့ တရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှုမရှိတဲ့ တရားရေးမဏ္ဌိုင်ကို ဆန့်ကျင်သပိတ်မှောက်လျက် ရှိတယ်လို့ဗကသအဖွဲ့ချုပ်ကထုတ်ပြန်ပြောဆိုထားပါတယ်။