ဒီပဲယင်းမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကလေးသုံးဦးထိခိုက်ဒဏ်ရာရပြီး တဦးစိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကြည်ရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကလေးငယ် ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ကလေးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက ပျံကျရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာကမီးရှို့နေသလို ရွာထဲကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာမှာ အခုလိုထိမှန်ခဲ့တာ ဖြစ်တာလို့ဆိုပါတယ်။
 
“ ကလေးသုံးယောက်မှာ တယောက်ကလက်မောင်းကိုရှပ်ထိသွားတယ် မစိုးရိမ်ရဘူး။ ၁၄အရွယ်ကောင် လေးက မစိုးရိမ်ရပေမယ့် ဒဏ်ရာပြင်းထန်တယ်။ ၁၁ အရွယ် မိန်းကလေးတယောက်ကတော့ ဗိုက်ပေါက်ထွက်သွားတယ်။ စိုးရိမ်ရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
 
ပျံကျကျေးရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင် ရှိပြီး ဒီဇင်ဘာလအစောပိုင်းက စစ်ကောင်စီရဲ့မီးရှို့မူကြောင့်ရွာအိမ်ခြေတဝက်မီးလောင်ကျွမ်း ထားပြီးသားရွာ ဖြစ်သလို အခုတကြိမ်လည်း မီးထပ်ရှို့ခံနေရတာလို့ ဒေသခံတွေကဆိုကြပါတယ်။
 
ပျံကျကျေးရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းနဲ့ထိပ်တိုက်တိုးတဲ့ ဒေသခံအမျိုးသားတဦးကို ပစ်ခတ်ခဲ့သလို ၂ဦးကိုတော့ လက်ပြန်ကြိုးတုပ်ပြီးဖမ်းဆီးထားတယ်လို့ သတင်းရထားပြီး အတည်ပြုနိုင်ဖို့ ဆက်ကြိုးစားနေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
အခုဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ကို စစ်ကြောင်းထိုးပြီး ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့ တာကြောင့် ကျေးရွာ ၁၉ ရွာက အိမ်ခြေ ၁၇၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။