ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊အမှတ် ၁ရပ်ကွက်၊ဆီစက်လမ်းမှာရှိတဲ့ မြို့နယ်စာရင်းစစ်ရုံးကို ဒီကနေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်က လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force (FLA)အဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
“လမ်းကြပ်တဲ့ကြားထဲကနေလုပ်ခဲ့ရတာ ကလေးတွေလည်း စိုးရိမ်စိတ်နည်းနည်းတော့ရှိ့ခဲ့တယ်။ခွေးစစ်တပ် လက်အောက်ခံဆိုရင်ဒေါက်တိုင်ပဲ ဒါကြောင့်ဖြိုတာပါ”လို့ Freeland Attack Force (FLA)အဖွဲ့ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကိုတော့ Freeland Attack Force (FLA)နဲ့မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ Emerald Girls Army (EGA) ၊ Revolution of 21 Century အဖွဲ့တွေကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရုံးအတွင်းက လူတချို့ထိခိုက်ဒဏ်ရာအနဲငယ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ပစ်တဲ့အရှိန်က ရုံးဝင်းထဲလောက်ပဲကျတာဆိုတော့ ပြင်းပြင်းထန်ထန်ထိခိုက်တာမျိုးတော့မရှိဘူး။တစ်ယောက်လောက်ပဲ အစ စင်လို့ ပွန်းပဲတဲ့အနေအထားမျိုးလောက်ပဲရှိတယ်လို့တော့ ကြားမိတယ်”လို့ ကမာရွတ်မြို့နယ် ၁ရပ်ကွက်အတွင်းနေထိုင်သူတဦးကပြောပါတယ်။
ပေါက်ကွဲမှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေရောက်ရှိလာပြီးစစ်ဆေးမှုအချို့ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Freeland Attack Force (FLA)အဖွဲ့ကတော့ လမ်းသွားလမ်းလာပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်က အန္တရာယ်ပြုနိုင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးဝန်းကျင်ကိုရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။