ကျောက်ထုမြို့မှာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်ခြောက်နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

ကျောက်ထုမြို့ပေါ်မှာ စစ်ကောင်စီတပ်က မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဂိုဘိုရပ်ကွက်က အသက်ခြောက်နှစ်အရွယ်မိန်းကလေးငယ် တဦးသေဆုံးခဲ့ပြီး နောက်ထပ်ပြည်သူတဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 ဒါ့အပြင်လက်နက်ကြီးထိမှန်တာကြောင့် နေအိမ်ရှစ်လုံးပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။

“ ညမှာ ဒေသခံကာကွယ်ရေးတပ်တွေက ကျောက်ထုရဲစခန်းကိုဝင်တိုက်ဖို့လုပ်တာ။ ဟိုက ဒရုန်းကိုမြင်ကို လှမ်းထုတာထင်တယ်။ လက်နက်ကြီးနဲ့ထုတာက အရင်ကတော့ကျောက်ထုနားကရွာ ခုတော့ရပ်ကွက်ပေါ့။ ဂုံဘိုရွာထဲကိုကျတာ။ ခြောက်နှစ်အရွယ်မိန်းကလေးဦးခေါင်းကိုလက်နက်ကြီးကျည်စမှန်ပြီးသေတယ်။ နောက်လူကြီးတယောက်ပေါင်ကိုထိသွားတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေက ကျောက်ထုရဲစခန်းကိုဝင်ရောက်တိုက်ခိုက်တာမှာ ရဲနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ အကြောင်းတစုံတရာဖြစ်ရင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တတ် တာကြောင့် ပြည်သူတွေအနေနဲ့ ပစ်ခံသံကြားတာနဲ့ လက်နက်ကြီးကျည်ကွယ်ရာမှာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံမီဒီယာတွေကနိူးဆော်ထားပါတယ်။