ကန့်ဘလူ၊ ဂါးဂလော်ရွာမှာ ဘုန်းကြီးကျောင်းနဲ့ ဆေးပေးခန်းတွေကိုပါ စစ်ကောင်စီကမီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂါးဂလော်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ဘုန်းကြီးကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂၃မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီလက်အောက်ခံ (ခမရ) ၃၆၈ နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ အိမ်ခြေတရာ ဂါးဂလော်ရွာကို ဒီဇင်ဘာ ၁၇ ရက်နေ့က လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းနဲ့ နေအိမ် ၂၃ လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် ဒေသခံ အမျိုးသား သုံးဦးနဲ့ အမျိုးသမီးနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး မီးရှို့သတ်ဖြတ်ထားတယ်လို့ ခန့်မှန်းရတဲ့ မီးလောင်ပြာကျ အရိုးစုနှစ်ခုကို ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“အမျိုးသားတဦးက ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရတယ်၊ ရုပ်ပျက်ဆင်းပျက်အထိပေါ့၊ မိသားစုခွင့်ပြုချက်မပေးလို့ ပုံမရပါဘူးဗျ၊ နောက်နှစ်ယောက်ကတော့ မီးရှို့သတ်ခံရတဲ့ အရိုးစုတွေ့ပါတယ်၊ ရွာထဲမှာတင် သတ်ဖြတ်ခံရတာပါ၊ ပြည်သူတွေ ရွာထဲပြန်မဝင်ရဲသေးပါဘူး” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

အမျိုးသားသုံးဦးနဲ့အတူ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနှစ်ဦးကတော့ အခုချိန်ထိပျောက်ဆုံးနေပြီး သတင်းအစအနမရသေးဘဲ စစ်ကြောင်းကတော့ ဇင်းရွာဘက်ကိုရောက်နေပြီလို့ မြေပြင်သတင်းတွေအရသိရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ အသက်မပြည့်သေးတဲ့ကလေးသုံးဦး အပါအဝင် အရပ်သား ၈၁ ဦး စစ်တပ်လက်ချက်ကြောင့်သေဆုံးခဲ့ရပြီး အခုရက်ပိုင်းတွေမှာလည်း ကန့်ဘလူခရိုင်တွင်း နေအိမ်မီးရှို့မှုတွေနဲ့ အရပ်သားပြည်သူတွေကို အကြောင်းမဲသတ်ဖြတ်တာတွေဆက်တိုက်လုပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

လက်ရှိအချိန်မှာ ကန့်ဘလူမြို့နယ်အတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အသုံးပြုရခက်ခဲနေပြီး မြေပြင်သတင်းတွေရရှိဖို့အတွက်ကိုပင် ခက်ခက်ခဲခဲဆက်သွယ်နေကြရတယ်လို့လည်း သိရပါတယ်။