ကနီမှာလေးရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့က ခြောက်ဦးကျဆုံးပြီး ပြည်သူသောင်းချီစစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ မနေ့ ဒီဇင်ဘာ ၂၂ရက်အထိစစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ တိုက်ပွဲကြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၆ ဦးကျဆုံးတယ်လို့သက်ဆိုင်ရာအဖွဲ့တွေက DNA ကိုအတည်ပြုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက်မှာဆိုရင်လည်း စစ်ကောင်စီရေယာဉ်တန်းနဲ့ လုံခြုံရေးယူပေးနေတဲ့ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကာ ကာကွယ်ရေးရဲဘော်၂ဦးကျဆုံးခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ကစလို့ စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်တလျောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေဟာလည်း အဲဒီရက်ကစလို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
“ စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်ကမ်းအနောက်ဘက်မှာတပ်ချထားတာ။ အဲ့ဒီကိုထောက်ပို့လာတာပေါ့။ မုဌောဝန်းကျင်မှာဒေသခံကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်တယ်။ မုံရွာ နမခ ကနေ ဂျက်ဖိုက်တာတစီးနဲ့ လာပစ်တယ်။ တနာရီလောက်ကြာတယ်။ တချို့ရွာပေါ်တွေကိုလည်းပစ်တယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကနီဒေသခံတဦးကပြောပါတယ်။
ဒေသခံတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်တွေအထိနာတဲ့အတွက် ဂျက်ဖိုက်တာနဲ့တိုက်ခိုက် တာမှာ မိမိတို့တပ်ဖွဲ့ဝင်တွေ အထိအခိုက်အကျအဆုံးမရှိဆုတ်ခွာနိုင်ခဲ့ပေမယ့် ကနီဒေသခံကာကွယ်ရေးတပ် တွေထဲက ရဲဘော်နှစ်ဦးကျဆုံးခဲ့ရတယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
 
ဒါ့အပြင် ကနီကာကွယ်ရေးတပ်ဖွဲ့တချို့မှာလည်း ကျဆုံးမှုတွေရှိနေပြီး လေးရက်တာကာလအတွင်း
စုစုပေါင်း ကာကွယ်ရေးတပ်ဖွဲ့က ၆ဦးကျဆုံးကာ ၂၀ ဝန်းကျင်အထိထိခိုက်ထားတာရှိတယ်လို့လည်းဆိုပါတယ်။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူကို လုံခြုံရေးအခြေအနေအရအတည်မပြုနိုင်ဘူးလို့ Chindwin Attack Fore ကထုတ်ပြန်ပါတယ်။
“ စစ်ကောင်စီဘက်ကထိုခိုက်တာကို တကယ်တော့မသိနိုင်ဘူးဗျ။ ပြောမယ့်လူကလည်းမပြောရဲတော့တာ ပါတယ်။ စစ်ကောင်စီဘက်ကကျဆုံးသတင်းကို တချို့တင်တာတွေကမမှန်ကန်ပါဘူး။ ဒေသတွင်းမှာလည်း သူတို့ရဲ့ Page လည်းမရှိ၊ လူသိလည်းနည်းပြီး တကယ်တိုက်နေတဲ့အဖွဲ့လေးတွေရှိတယ်ဆိုတာကို ပြောချင်ပါတယ်ဗျ” လို့ ကနီတော်လှန်ရေးအင်အားစုတင်တဦးကဆိုပါတယ်။
ဒါ့အပြင်စစ်ကြောင်းထိုးနေတဲ့ ကာလတလျောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေရဲ့နေအိမ်တွေကိုလည်းဖျက်ဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ကမ်းဘေးတလျောက် စစ်ကြောင်းထိုးနေတာကြောင့် ဒီဇင်ဘာ ၁၃ရက်နေ့ကစလို့ မြစ်ဘေးက ရွာပေါင်း ၂၀ကျော်ဟာ ဘေးလွတ်ရာပြေးနေရပြီး စစ်ရှောင်ပြည်သူလည်း သောင်းချီရှိလာတယ်လို့ လည်း စစ်ရှောင်ကူညီပေးသူတွေဆီကသိရပါတယ်။