ကျိုက်လတ် NLD ပါတီဝင်လူငယ်ငါးဦး ထောင်ဒဏ် နှစ်နှစ်ဆယ်က နှစ်လေးဆယ်အထိ ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့မှာ စစ်တပ်က တနှစ်ခွဲကျော်ကြာ ဖမ်းဆီးထားတဲ့ NLD ပါတီဝင် လူငယ်ငါးဦးကို ဖျာပုံခရိုင် တရားရုံးက ဒီဇင်ဘာ (၂၁) ရက်မှာ နှစ်နှစ်ဆယ်ကနေ နှစ်လေးဆယ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီ NLD ပါတီဝင် လူငယ်ငါးဦးကို အကြမ်းဖက်မှု ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ဈ)၊ ၅၂ (က) တွေနဲ့ ပုဒ်မ အတူတူအမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပေမယ့် ပြစ်ဒဏ်တွေက တဦးနဲ့တဦးမတူပဲ အနည်းဆုံး နှစ်နှစ်ဆယ်ကနေ အများဆုံး နှစ်လေးဆယ်အထိ ချမှတ်ခံကြရတာဖြစ်တယ်လို့ သိရပါတယ်။

“ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တယ်၊ တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပတ်သက်မှုရှိတယ်ဆို ပြီး အကြမ်းဖက် ပုဒ်မနှစ်ခုနဲ့ ထောင်ချလိုက်တာပါ ဒါပေအမယ့် တစ်ဦးနဲ့တစ်ဦး သက်ရောက်မှုတွေက မတူညီကြတော့ အပြစ်ဒဏ်တွေကလည်း မတူကြဘူး” လို့ တရားလွှတ်တော် ရှေ့နေတစ်ဦးက DNA ကို ပြောပါတယ်။

မနေ့က အမိန့်ချခံရသူတွေထဲက ကိုထွဠ်နောင်ဦး ခေါ် စီ့ဖိန် ကို ထောင်ဒဏ် နှစ်လေးဆယ်၊ ကိုမျိုး ဆိုသူကို ထောင်ဒဏ် (၃၅) နှစ်၊ ကိုဟိန်း ဆိုသူကို ထောင်ဒဏ် နှစ်သုံးဆယ်၊ ကိုပြည့်ဖြိုးအောင်နဲ့ ကိုချမ်းမြေ့သူတို့ကို ထောင်ဒဏ် နှစ်နှစ်ဆယ်စီ ချလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီလူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်စစ်ဆေးကာ ခိုင်မာတဲ့ သက်သေအထောက် အထားတွေ မရှိဘဲ အမှုဆင်ထောင်ချခဲ့တာဖြစ်ပြီး ဥပဒေကြောင်းအရ ခုခံချေပခွင့်မရသလို ဖမ်းဆီးချိန်ကနေ ထောင်ဒဏ်ချမှတ်ခံရချိန်အထိ မိသားစုနဲ့ တွေ့ဆုံခွင့်တွေ မရခဲ့ဘူးလို့ နီးစပ်သူတွေကပြောပါတယ်။

အဲ့ဒီလူငယ်ငါးဦးဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မေလအတွင်းမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီက ဒီလထဲမှာ NLD ပါတီဝင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ထောင်ချတာ ခပ်စိပ်စိပ် လုပ်လာတဲ့အပြင် အပြစ်ဒဏ်တွေကလည်း နှစ်ရှည်ချတာတွေ များတယ်” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောပါတယ်။