မန္တလေးမြို့အဝင်ဂိတ်မှာ စစ်ကောင်စီစစ်ဆေးတင်းကျပ်လို့ ကားရာနဲ့ချီပိတ်နေ

မန္တလေးမြို့အဝင်မှာရှိတဲ့ စစ်အုပ်စုရဲ့ ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်ကဖြတ်သန်းသွားလာတဲ့ကားတွေကို စစ်ဆေးမှုတွေ တင်းကျပ်နေတဲ့အတွက် ကားရာချီပိတ်မိနေတယ်လို့ သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး အဲဒီဂိတ်မှာ လက်နက်တွေမိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဆေးရေးကြမ်းနေတာ ဖြစ်တယ်လို့ ပိတ်မိနေတဲ့ ကားသမားတွေက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ပြင်ဦးလွင်- မန္တလေးသွားကားလမ်းပေါ်ရှိ အဆင်းလမ်းမှာ ကားကြီးတွေ ရာနဲ့ချီပြီး တန်းစီပိတ်မိနေတာပါ။
” ကျွန်တော်တို့ ၁၁ လောက်ကတည်းက ဒီနေရာကို ရောက်နေတာပါ။ အခုထိ တလက်မတောင် မရွေ့ရသေးဘူး။ ဒီပုံဆိုဒီညလည်း ဒီမှာပဲအိပ်ရတော့မယ်ထင်တယ် ” လို့ ကားသမားတဦးက ပြောပါတယ်။

စစ်ဆေးရေးကြောင့် ပိတ်မိနေတဲ့ကားတန်းက ၁၆ မိုင် စစ်ရေးဂိတ်ကနေ ၂၁ မိုင်အထိ ယာဉ် ၂ စီးတန်းရှည် ရှိနေတယ်လို့ အဲဒီနေရာကို ဖြတ်သန်းလာတဲ့ လူတွေကပြောပါတယ်။

လတ်တလောမှာ စစ်အုပ်စုက ကားကြီးတွေကို အဓိကထား စစ်နေခြင်းဖြစ်ပြီး အိမ်စီးကားနဲ့ ခရီးသယ်ယာဉ်တွေကိုတော့ အလွယ်တကူ ဖြတ်သန်းခွင့်ပြုထားတယ်လို့ သိရပါတယ်။

” အရင်ပိတ်ထားတဲ့ အဆင်းလမ်းကို ပြန်ဖွင့်ပြီး အဲဒီလမ်းကတဆင့် ကားသေးတွေကို လွဲမောင်းခိုင်းတယ်။ အတက်ကတော့ အဆင်ပြေပါတယ်။ အဆင်းပဲပိတ်နေတာပါ။ ကုန်စိမ်းတို့ ပန်းတို့တင်တဲ့ကားသေးတွေကိုတော့ သိပ်မတန်းခိုင်းဘူး ဆင်းခိုင်းတယ်။ အခုပိတ်နေတာက ကားအကြီးတွေပါ ” လို့ ကားသမားတဦးက ပြောပါတယ်။

ဒါ့အပြင်ကားတွေအခုလို့ အခုလိုရာချီပိတ်မိနေတာဟာ လာမယ့်ရက်သတ္တပတ်အထိ အချိန်ကြာမြင့်နိုင်တယ်လို့ ကားသမားတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။