မက်ဆီပုံနဲ့ ငွေစက္ကူ ထုတ်ဝေမယ်ဆိုတဲ့ ကိစ္စ အာဂျင်တီးနားမှာ လူပြောများနေ

ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား ဘောလုံးအသင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ အသင်းသားတွေရဲ့ ပုံတွေ ရိုက်နှိပ် ဖော်ပြထားတဲ့ ငွေစက္ကူတွေ ထုတ်ဝေဖို့ အာဂျင်တီးနား ဗဟိုဘဏ်က စဉ်းစားနေကြောင်း အတော်လေး သတင်းတွေ ပျံ့နှံ့နေပါတယ်။
အာဂျင်တီးနားဟာ ၁၉၈၆ ခုနှစ်က မက္ကဆီကိုမှာ ကျင်းပတဲ့ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့နောက် ၃၆ နှစ် ကြာပြီးမှ သူတို့ရဲ့ တတိယမြောက် ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ခွင့် ရလာခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံး ဆုကိုလည်း ရရှိခဲ့တဲ့ မက်ဆီကတော့ အာဂျင်တီးနားရဲ့ ခြွင်းချက်မရှိ အကောင်းဆုံး ကစားသမားအဖြစ် မှတ်ကျောက် အတင်ခံနိုင်ခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံ့ဂုဏ်ဆောင် မက်ဆီနဲ့ အာဂျင်တီးနား အသင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ပုံပါတဲ့ ငွေစက္ကူ တချို့ကို အမှတ်တရ ရိုက်နှိပ် ထုတ်ဝေဖို့ အာဂျင်တီးနား ဗဟိုဘဏ်က အလေးအနက် စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီ ငွေစက္ကူုတွေဟာ အရေအတွက် အကန့်အသတ်နဲ့သာ ထွက်ပေါ်လာနိုင်ပြီး စျေးကွက်ထဲမှာ လည်ပတ် သုံးစွဲဖို့ထက် ပရိသတ်တွေ အမှတ်တရ သိမ်းထားနိုင်အောင် အဓိက ရည်ရွယ်ထားတယ်လို့လည်း ကောလာဟလတချို့ ပျံ့နှံ့လာပါတယ်။
ဒီကိစ္စအပေါ် ဗဟိုဘဏ်က ငြင်းဆန်တာ၊ ဝန်ခံတာ ဘာမှ မရှိသေးဘဲ နှုတ်ဆိတ်နေပါတယ်။ အာဂျင်တီးနား ပရိသတ်တွေကတော့ ဒီသတင်းဟာ ကောလာဟလ ဖြစ်ခဲ့ရင်တောင် လက်တွေ့ အထမြောက်စေလိုကြောင်း ပြောဆိုနေကြပါတယ်။
ဒါ့အပြင် မက်ဆီပုံနဲ့ အာဂျင်တီးနား ကစားသမားတွေ အောင်ပွဲခံနေပုံတွေကို မျက်နှာပြင် တစ်ဖက်စီမှာ ရိုက်နှိပ်ထားတဲ့ ၁၀၀၀ တန် ပီဆို​ ငွေစက္ကူဒီဇိုင်း (အတု)တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီ ငွေစက္ကူ ပုံတွေကိုတော့ စိတ်ကူးကောင်းသူ တစ်ဦးက အနုစိတ် ရေးဆွဲပြီး ထုတ်ပြလိုက်ရာက သတင်းကြီးသွားတာ ဖြစ်ပါတယ်။
နည်းပြ လီယွန်နယ် စကာလိုနီရဲ့ လက်အောက်မှာ အာဂျင်တီးနား အသင်းဟာ ၂၀၂၁ ခုနှစ် ကိုပါ အမေရိက ဖလားနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားတို့ကို ဆက်တိုက် ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနား ဗဟိုဘဏ်ဟာ ၁၉၇၈ ခုနှစ်မှာ နိုင်ငံအသင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ရရှိခဲ့တုန်းကလည်း အောင်ပွဲ အမှတ်တရ ဒင်္ဂါးပြားတွေ ထုတ်ဝေခဲ့ဖူးကြောင်း သိရပါတယ်။