ဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်းကြီး ပီလီရဲ့ ကင်ဆာအခြေအနေ ပိုဆိုးလာကြောင်း ဆေးရုံ အတည်ပြု

ဘရာဇီး ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး ပီလီရဲ့ ကင်ဆာရောဂါဟာ အခြေအနေ ဆိုးသထက် ဆိုးလာနေတယ်လို့ ဆေးရုံက အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ဘောလုံး အကျော်အမော်ကြီးဟာ မျိုးဆက်တစ်ခုမှာ အကောင်းဆုံး ဘောလုံးသမား အနေနဲ့ ခြွင်းချက်မရှိ သတ်မှတ် ခံထားရပါတယ်။ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ပီလီဟာ မနှစ်တုန်းက အူမကြီးကင်ဆာ ခံစားခဲ့ရပြီး ခွဲစိတ် ကုသခဲ့ပေမယ့် ရောဂါဆိုး တကျော့ပြန် ခေါင်းထောင်လာလို့ ဆေးရုံ တက်နေရတာ သီတင်း ၃ ပတ် ရှိလာခဲ့ပါပြီ။
ပီလီရဲ့ မိသားစုဟာ အခုခရစ္စမတ် ကာလကို ဆေးရုံမှာပဲ ဖြတ်သန်းကြမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆာအိုပေါ်လိုမြို့ တောင်ပိုင်းမှာရှိတဲ့ အစ္စရေလစ္စတာ အဲလ်ဘတ် အိုင်းစတိုင်း ဆေးရုံက ပီလီရဲ့ ကင်ဆာရောဂါဟာ လက်ရှိ အဆင့်မှာ ပိုပြီး ဆိုးလာနေသလို ကျောက်ကပ်နဲ့ နှလုံးရဲ့ လုပ်ငန်းတွေ ရပ်တန့်မသွားအောင်ပါ ဂရုတစိုက် စောင့်ကြည့် ကုသနေကြောင်း အတည်ပြုပါတယ်။
ပီလီရဲ့ သမီးဖြစ်သူ ကီလိုင် နက်ဆီမန်တိုက နေအိမ်မှာ ခရစ္စမတ်ပွဲ ကျင်းပမယ့် မိသားစုရဲ့ အစီအစဉ်ကို ပယ်ဖျက်ခဲ့ကြောင်း၊ ဆရာဝန်တွေရဲ့ အကြံပေး ဆွေးနွေးမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မိသားစုဝင် အားလုံးဟာ ဆေးရုံက စီစဉ်ပေးတဲ့ နေရာမှာပဲ ဖခင်ဖြစ်သူကို စောင့်ရှောက်ရင်း ခရစ္စမတ်ကို ဖြတ်သန်းကြမှာဖြစ်ကြောင်း Instagramမှာ ရေးသားခဲ့ပါတယ်။
ပီလီဟာ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ၇၇ ဂိုးနဲ့ ဦးဆောင် ရပ်တည်ခဲ့သလို ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားရ ဘရာဇီး အသင်းတွေမှာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီး အသင်းဟာ တောင်ကိုရီးယားကို အနိုင်ရခဲ့တဲ့ ရှုံးထွက်ပွဲစဉ် အပြီးမှာ ပီလီရဲ့ နာမည်နဲ့ ရုပ်ပုံပါတဲ့ စာတန်းကြီး တစ်ခုကို ကိုင်ဆောင်ပြီး သူ့အတွက် ဂုဏ်ပြု ဆုတောင်းပေးခဲ့ကြပါတယ်။