ပန်းပင်ကြီးလမ်းသပိတ်မှာ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦး အလုပ်ကြမ်းနဲ့ထောင်သုံးနှစ် ချခံရ

ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ အဖမ်းခံခဲ့ရတဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့ကို ဒီကနေ့ ဒီဇင်ဘာ (၂၁) ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်ချခံလိုက်ရတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ​ရှေ့နေက အတည်ပြုပြောပါတယ်။

“ကိုကောင်းဆက်လင်းကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တမှုတည်းပါပဲ၊ မမှူးရတနာကတော့ ပန်းပင်ကြီးလမ်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က စွဲချက်တင်ထားတယ်၊ အဲ့ဒါ ဒီနေ့အမိန့်ကျပါပြီ၊ နောက်ထပ် သင်္ဃန်းကျွန်း ခရိုင်တရားရုံးကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည နဲ့ အမှုရင်ဆိုင်နေဆဲ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

MPA သတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက်က ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ သတင်းယူနေရင်း စစ် ကောင်စီရဲ့ ကားနဲ့တိုက် ဖြိုခွဲဖမ်းဆီးခံကြရကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က နဲ့ စွဲချက်တင်ခံထားရပြီး ဒီကနေ့မှာတော့ အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ် ချခံလိုက်ရတာပါ။

ဒီနေ့အမိန့်ချမှတ်ခံရတဲ့ သတင်းထောက်နှစ်ဦးလုံးအတွက် အမိန့်မချခင်က ချုပ်ထားတဲ့ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုမှာဖြစ်ပြီး ဖမ်းဆီးခံရတာ တနှစ်ကျော်ကြာပြီ ဖြစ်တာကြောင့် ထောင်ဒဏ်သုံးနှစ်ကျပေမယ့် နောက်ထပ်နှစ်နှစ်လောက် ထပ်မံကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းပင်ကြီးလမ်းသပိတ် ဖြိုခွဲဖမ်းဆီးမှုမှာ စစ်ကောင်စီက ဆန္ဒပြလူအုပ်ထဲ ကားနဲ့ဝင်တိုက် ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်ကြောင့် လူသိများပါတယ်။ အဲ့ဒီ ဖမ်းဆီးမှုအတွင်း ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာ ခက်မို့မို့ထွန်းတို့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းဟာ အဲ့ဒီဖမ်းဆီးမှုအတွင်း အပြင်းအထန် ထိခိုက်ခဲ့တာကြောင့် လနဲ့ချီ ဆေး ကုသမှုခံယူရင်း စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေကို ရင်ဆိုင်နေရတာပါ။