ကျိုက်ထိုမှာ CDM ဆရာမ တဦးအပါအဝင် တလအတွင်း ဆယ်ဦးကျော် အဖမ်းခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ CDM ကျောင်းဆရာမတဦးကို ဒီဇင်ဘာ (၂၀) ရက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားသလို တလအတွင်း ဆယ်ဦးကျော်အထိ ဖမ်းဆီးခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမ ဒေါ်သီရိအောင်ကို PDF အဖွဲ့တွေကို ထောက်ပံ့နေတယ်လို့ဆိုကာ စစ်ကောင်စီတပ်တွေက မနေ့က ညပိုင်းမှာ နေအိမ်ကနေ ဖမ်းခေါ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

” PDF တွေကို ထောက်ပံ့နေတာ တွေ့တယ်ဆိုပြီးတော့ ဖုန်းတွေစစ်ပြီးတော့ ခေါ်သွားတာ၊ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ အခုအထိစုံစမ်းလို့မရသေးဘူး” လို့ ကပြောပါတယ်။

ဆရာမ ဒေါ်သီရိအောင်ဟာ သိမ်ဇရပ်မြို့ အထက်တန်းကျောင်းမကနေ CDM လုပ်ခဲ့တာဖြစ်ပေမဲ့ နိုင်ငံရေးနဲ့ပက်သက်တာ လုပ်ဆောင်တာ မတွေ့ရပဲ အိမ်စျေးဆိုင်ဖွင့်လှစ်ကာ ရောင်းချလုပ်ကိုင်နေခဲ့တာ ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အဲ့ဒီ CDM ကျောင်းဆရာမအပြင် အခုလအတွင်းမှာ စစ်ကောင်စီက ကျိုက်ထိုမြို့ခံ လုပ်ငန်းရှင်လေးဦး၊ သိမ်ဇရပ်မြို့က လသားရွယ်ကလေးငယ် အပါအဝင် သားအမိနှစ်ဦး၊ မုပ္ပလင်ကျေးရွာက ပရဟိတအသင်းဦးဆောင်သူ နှစ်ဦးနဲ့ လူငယ်အမျိုးသမီး သုံးဦး စတဲ့ ဒေသခံ (၁၁) ဦးကို လည်း PDF အဖွဲ့တွေနဲ့ ဆက်သွယ်နေတယ်လို့ဆိုကာ ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ပုဒ်မ ၅၀၅(က) အပြင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တွေနဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ ဖမ်းဆီးခံရသူ မိသားစုဝင်တွေက ဆိုပါတယ်။

“အမှုအဖွင့်ခံရတာ မသိဘူး၊ ရဲစခန်းကို လိုက်မေးမှပဲ နိုင်ငံရေးအမှုနဲ့ အမှုဖွင့်ထားတာ သိရတယ်” လို့ ဖမ်းဆီးခံထားရသူတဦးရဲ့ မိသားစုဝင်က ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက လုပ်ငန်းရှင်သုံးဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငွေကျပ်သိန်းချီပေးလို့ ပြန်လွတ်လာတယ်လို့ အဲ့ဒီလုပ်ငန်းတွေရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ အခုနှစ်ဇွန်လကနေ ဒီဇင်ဘာလအထိ ခြောက်လအတွင်း စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်အရေးယူခံထားရတဲ့ ဒေသခံ (၄၀) ဦး ဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။