စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်ဒေသခံတွေ အယုံအကြည်မရှိလို့ ဆို

အာဏာသိမ်းစစ်ကောင်စီကလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲအပေါ် ရခိုင်ပြည်သူတွေအများစု စိတ်မဝင်စားကြသလို အယုံအကြည်လည်း မရှိကြဘူးလို့ ဒေသခံတွေ၊ စစ်ဘေးရှောင်ပြည်သူတွေက ပြောကြပါတယ်။

တိုင်းပြည်အာဏာကို တရားမဝင်သိမ်းယူထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားပြီး အဲဒီအတွက် ပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်လာနေကာ ရခိုင်ပြည်နယ်မှာလည်း မဲစာရင်းကောက်ယူဖို့အတွက် အဖွဲ့တွေ ဖွဲ့ထားပြီလို့ ဆိုပါတယ်။

“ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားပါဘူး၊ ကျွန်တော်တို့ ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရွေးကောက်ပွဲနဲ့ အကောင်အထည်ဖော်လို့ အောင်မြင်မယ်မထင်ဘူး၊ အဲဒါကြောင့်ပါ၊ ကျွန်တော်ကိုယ်တိုင် ပါတီဝင်ပါပဲ၊ ဒါပေမယ့် စိတ်မဝင်စားဘူး” လို့ ရခိုင်ပြည်နယ် မင်းပြားဒေသခံ ဦးစောတင်မောင်က ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်တဲ့ရွေးကောက်ပွဲအပေါ် အယုံအကြည်လည်း မရှိတာကြောင့် ပိုပြီးတော့ စိတ်မဝင်စားကြတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။

“ဒီစစ်ကောင်စီက တရားဝင်အစိုးရလည်း မဟုတ်တော့ သူတို့နဲ့ ဆွေးနွေးလို့လည်း အဆင်ပြေမယ်မထင်ဘူး၊ ကျွန်တော်တို့မှာက ULA/AA ရှိတယ်လေ၊ ရွေးကောက်ပွဲတွေ မလိုပါဘူး၊ ရွေးကောက်ပွဲတွေ အရင်ကလည်း လုပ်ခဲ့တာပဲ၊ ဘာမှမှ ထူးခြားလာတာမှ မဟုတ်တာ” လို့ ရခိုင်ပြည်နယ် ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ရခိုင်က လွှတ်တော်အမတ်ဟောင်းတွေနဲ့ နိုင်ငံရေးသမားတွေက ထောက်ပြကြပါတယ်။ ကျောက်တော်မြို့နယ်က စစ်ဘေးဒုက္ခသည်တဦးကတော့ စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲမှာ မဲထည့်၊မထည့်ဆိုတာ ရခိုင့်တပ်တော် AA ရဲ့ သဘောထားအပေါ် မူတည်တယ်လို့ ဆိုပါတယ်။

“ရခိုင့်တပ်တော်က သဘောထားပေးရင်တော့ မဲထည့်ကြပါလို့ ပြောမယ်ဆိုရင်တော့ ထည့်ကြမယ်၊ မဟုတ်ရင်တော့ ရခိုင်ပြည်သူတွေ တော်တော်များများ မဲထည့်ကြမယ်မထင်ဘူး” လို့ သူကဆိုပါတယ်။ လက်ရှိစစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ ရခိုင့်တပ်တော် AA ကတော့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ပက်သက်လို့ တိကျတဲ့ သဘောထားမျိုး ပေးထားတာ မရှိသေးပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေအတွက် တစ်စုံတစ်ရာပြောင်းလဲတိုးတက်တာမျိုး မရှိခဲ့အတွက် ဗမာပြည်မှာလုပ်မယ့် ရွေးကောက်ပွဲတွေဟာ ရခိုင်လူမျိုးတွေရဲ့လူမှုဘ၀ကို တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်လာမယ်လို့ ယူဆလို့မရကြောင်း AA ပြောခွင့်ရ ခိုင်သုခက နိုဝင်ဘာလအတွင်း ပြုလုပ်တဲ့ ရခိုင်အခြေစိုက် DMG သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်တွင်းမှာ အဖွဲ့ပေါင်း တစ်ထောင်ကျော်၊ အဖွဲ့ဝင်ပေါင်း ခြောက်ထောင်ကျော် အသုံးပြုပြီး ၂၀၂၃ ဇန်နဝါရီ ၉ ရက်ကနေ့ကစလို့ အိမ်တိုင်ရာရောက် လူဦးရေစာရင်း ကောက်ယူသွားမယ်လို့ ဆိုထားပါတယ်။

အဲဒီအတွက် ပြည်နယ်အဆင့် သင်တန်းပေးတာကို အခုလ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီက အဲဒီလို ပြင်ဆင်မှုတွေ လုပ်နေသလို ကြံ့ခိုင်ရေးပါတီကလည်း ရခိုင်ပြည်တွင်းမှာ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြင်ဆင်တာ တွေ လုပ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်တဲ့ ရခိုင်နိုင်ငံရေးက ပါတီတွေကတော့ ပြင်ဆင်မှုတွေလုပ်တာ မတွေ့ရသေးပါဘူး။

NLD အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တိုက်ပွဲတွေကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အများအပြားမှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တာကြောင့် ရခိုင်နိုင်ငံရေး အင်အားစုတွေက ဝေဖန်ခဲ့ကြဖူးပါတယ်။

NLD ပါတီက အပြတ်အသတ်အနိုင်ရပြီး စစ်တပ်ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာ အနည်းစုသာ အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း သူတို့ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင်လုပ်မယ်လို့ ကြွေးကြော်ထားတာပါ။

ဒါပေမယ့် စစ်ကောင်စီဟာ အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းဦးသိန်းစိုးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရာထူးပြန်ပေးထားသလို PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ကိုလည်း ဆန့်ကျင်ဘက် နိုင်ငံရေးပါတီ၊ နိုင်ငံရေး အင်အားစုတွေရဲ့ သဘောထားမပါဘဲ ပြင်ဆင်သတ်မှတ်ထားပါတယ်။